BREAKING
October 18, 2025

အီလွန်မတ်ရဲ့ ပါတီ အသက်ဝင်လာမှာလား

July 13, 2025

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံအဆင့် ပါတီကြီးတစ်ခု တည်ထောင်ဖို့ဆိုတာဟာ အင်္ဂါဂြိုဟ်ဆီကို လူသားတစ်ယောက် စေလွှတ်ရတာထက် ပိုခက်ခဲတယ်လို့ The New York Times က ဆိုပါတယ်။

ဒါပေမဲ့ဒီနှစ်ခုစလုံးကို ဖြစ်အောင် လုပ်မယ်လို့ ထုတ်ပြောလာသူကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ပေါ်ထွက်လာခဲ့ပါပြီ။

ကမ္ဘာ့အချမ်းသာဆုံးလူသား အီလွန်မတ်ပါပဲ။

“ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို ခင်ဗျားတို့ဆီ ပြန်ပေးဖို့ ဒီနေ့မှာ အမေရိကပါတီကို တည်ထောင်လိုက်ပါပြီ”

အမေရိကပါတီ(America Party) ဆိုတဲ့ နာမည်နဲ့ ပါတီသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ဇွန်လ ၅ ရက်နေ့မှာ အီလွန်မတ်က ကြေညာလိုက်ပါတယ်။

သူ့ရဲ့ ပါတီဟာ ရီပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တစ်ပါတီတို့ ကြီးစိုးနေတဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို စိန်ခေါ်ဖို့ ရည်ရွယ်တယ်လို့ အီလွန်မတ်က ဆိုပါတယ်။ အမေရိကန်နိုင်ငံရေးရဲ့ အနာဂတ်ကို လွှမ်းမိုးနိုင်မယ့် နိုင်ငံရေးပါတီတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

“ဘတ်ဂျက်အလေအလွင့်တွေ အကျင့်ပျက်ခြစားမှုတွေနဲ့ တိုင်းပြည်ကို ဒေဝါလီခံရအောင် လုပ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ တစ်ပါတီစနစ်ထဲမှာ နေနေရတယ်။ ဒီမိုကရေစီစနစ်နဲ့ နေနေရတာ မဟုတ်ဘူး” လို့လည်း အီလွန်မတ်က ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ သူ့မဟာမိတ် အီလွန်မတ်တို့အကြား အစိုးရအသုံးစရိတ်နဲ့ အခွန်ဥပဒေမူကြမ်း အရင်းခံ ပဋိပက္ခပေါက်ကွဲလာခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အမေရိကပါတီသစ်ကိစ္စ ထွက်ပေါ်လာခဲ့တာပါ။

ဒီမိုကရက်နဲ့ ရီပတ်ဘလင်ကန်ပါတီကြီးနှစ်ခုစလုံးကို စိတ်ပျက်နေကြတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ အီလွန်မတ်က ဆန္ဒရှိနေပါတယ်။ သူ့ရဲ့ ပါတီဟာ လက်ဝဲစွန်းလည်း မရောက် ၊ လက်ယာစွန်းလည်း မရောက်တဲ့ ကြားနေ အမေရိကန်လူထု ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုရပ်တည်သွားမယ်လို့ သူက ဆိုပါတယ်။ သမ္မတထရမ့်ရဲ့ အစိုးရအသုံးစရိတ်နဲ့ အခွန်ဥပဒေမူကြမ်းကို ထောက်ခံခဲ့တဲ့ ရီပတ်ဘလင်ကန်အမတ်တွေကို အနိုင်ယူဖို့ သူ့ရဲ့ပါတီက ရည်မှန်းထားတယ်လို့လည်း အီလွန်မတ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံရေးမှာ အဓိကပါတီကြီးနှစ်ခုရဲ့ လွှမ်းမိုးထိန်းချုပ်မှုကို တိုက်ဖျက်ဖို့ ဆိုတာ အရင်းအမြစ်များစွာ အသုံးပြုပြီးတော့ နှစ်ပေါင်းများစွာ ကြိုးစားရမယ့်အလုပ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလိုမျိုး ကြိုးစားခဲ့ဖူးသူ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

“အင်အားကြီးတတိယပါတီတစ်ခု တည်ထောင်ဖို့ဆိုတာ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိတယ်”

Boston College က နိုင်ငံရေးကျွမ်းကျင်ပညာရှင် David Hopkins က ဆိုပါတယ်။

ကျော်လွှားရမယ့်ပြဿနာတွေထဲမှာ ပါတီရဲ့ ကွန်ရက်တွေ တည်ဆောက်တာ၊ ပါတီအတွက် အလုပ်လုပ်ပေးမယ့် လူတွေ ရှာဖွေတာ၊ ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်ရဖို့ ကြိုးပမ်းရတာတို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။

‘အမေရိကန်တတိယပါတီများ သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း’ (The Demise and Rebirth of American Third Parties) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ Valdosta State University ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ Bernard Tamas က အခုလို ပြောပါတယ်။

“ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေမှာ ရှိတာက ပိုက်ဆံတစ်ခုတည်း မဟုတ်ဘူး။ အရင်းအမြစ်အကုန်လုံး သူတို့မှာ ရှိတယ်။ သူတို့မှာ ပိုက်ဆံရှိတယ်။ သက်တမ်း ၁၅၀ နှစ်စာ ဖွဲ့စည်းပုံရှိတယ်။ ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားအားလုံး သူတို့မှာ ရှိတယ်။ ပြီးတော့ အတိုင်ပင်ခံတွေအားလုံး သူတို့မှာ ရှိတယ်”

အီလွန်မတ်ကတော့ လာမယ့် ၂၀၂၆ ကြားသက်တမ်းရွေးကောက်ပွဲမှာ သူ့ပါတီက အအထက်လွှတ်တော် ဆီးနိတ်မှာ ၂ နေရာ သို့မဟုတ် ၃ နေရာ ၊ အောက်လွှတ်တော်မှာတော့ ၈ နေရာကနေ ၁၀ နေရာအထိ အနိုင်ရအောင် ချိန်ရွယ်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။ အဲဒီလောက် အနိုင်ရရင်ကိုပဲ အရေးကြီးဥပဒေတွေမှာ သူ့ပါတီက လွှမ်းမိုးနိုင်မယ် ၊ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ သူ ယုံကြည်နေပါတယ်။

မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အီလွန်မတ်ရဲ့ ပါတီသစ် တကယ်အသက်ဝင်လာမှာလား။

ရွေးကောက်ပွဲဥပဒေ အခက်

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မတ်ဟာ သူ့ရဲ့ ငွေကြေးနဲ့ ထင်ပေါ်မှုကို အသုံးချပြီး သူ့ရဲ့ ပါတီကို ထူမမယ်ဆိုရင်တောင်မှ သူ့အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်တွေ ကြုံရမှာပါ။

ပါတီသစ်တစ်ခုကနေ ကွန်ဂရက်လွှတ်တော်အတွက် ဝင်အရွေးခံမယ်ဆိုရင် ပြည်နယ်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်။ အဲဒီဥပဒေတွေထဲမှာ မဲဆန္ဒရှင်တွေဆီကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ထောက်ခံလက်မှတ် စုဆောင်းရမှာတွေ ပါဝင်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲဥပဒေတွေက အင်မတန် တင်းကျပ်တာတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ဂျော်ဂျီယာပြည်နယ်မှာဆိုရင် အဓိကပါတီကြီးနှစ်ခုကနေ မဟုတ်ဘဲ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ ကိုယ်စားလှယ်စာရင်းမှာ ဖော်ပြခံရဖို့အတွက် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံကြောင်း လက်မှတ် ၂၇,၀၀၀ ကြိုတင်ရရှိထားဖို့ လိုပါတယ်။ ဒီသတ်မှတ်ချက်ကြောင့်ပဲ ၁၉၄၃ ခုနှစ်ကတည်းကနေ ဒီကနေ့အချိန်အထိ ဂျော်ဂျီယာပြည်နယ်မှာ လုံးဝမမြင်ရတော့တဲ့ လူအမျိုးအစားတစ်ခု ရှိလာပါတယ်။ အဓိကပါတီကြီးနှစ်ခုထဲကနေမဟုတ်ဘဲ အခြားတတိယပါတီတစ်ခုကနေ ရွေးကောက်ပွဲဝင်နွှဲတဲ့ ကိုယ်စားလှယ်လောင်းဆိုတာပါပဲ။

အမေရိကပါတီကို အမှန်တကယ် တည်ထောင်နိုင်ဖို့ဆိုရင် အီလွန်မတ်အနေနဲ့ သူ့ပါတီ ဝင်ပြိုင်မယ့် ပြည်နယ်တွေမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မှတ်ပုံတင်နိုင်ဖို့ လိုပါတယ်။ ပါတီကိုယ်စားလှယ်လောင်း မှတ်ပုံတင်တဲ့နေရာမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုအကြား ရွေးကောက်ပွဲဥပဒေတွေက ကွဲပြားပါတယ်။

ကင်တပ်ကီပြည်နယ်အပါအဝင် ပြည်နယ်တော်တော်များများမှာ ပြည်နယ်ဥပဒေအရ တရားဝင်အသိအမှတ်ပြုထားတဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းကိုသာ မဲပေးရမယ့် စာရင်းမှာ အမည်ဖော်ပြခံရပါတယ်။ ပြည်နယ်က တရားဝင်အသိအမှတ်ပြုတဲ့ ပါတီ ဖြစ်ဖို့အတွက် နောက်ဆုံးကျင်းပသွားတဲ့ သမ္မတရွေးကောက်ပွဲမှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုအထိ မဲအနိုင်ရတဲ့ ပါတီ ဖြစ်ရပါမယ်။

ပြည်နယ်က တရားဝင်အသိအမှတ်ပြုထားတဲ့ ပါတီကနေ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဝင်ပြိုင်မယ်ဆိုရင် တသီးပုဂ္ဂလကိုယ်စားလှယ် အနေနဲ့သော်လည်းကောင်း ၊ write-in candidate လို့ ခေါ်တဲ့ ရွေးကောက်ပွဲနေ့မှာမှ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်လောင်းရဲ့ နာမည်ကို ကိုယ်တိုင်ရေးသွင်းပြီး မဲပေးရတဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့သာ ယှဉ်ပြိုင်ခွင့် ရှိပါတယ်။

အခြားပြည်နယ်တွေမှာတော့ ‘အမေရိကပါတီ’ (America Party) ဆိုတဲ့ နာမည်ကိုက အီလွန်မတ်အတွက် ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်။ ဥပမာပြရရင်တော့ နယူးယောက်ပြည်နယ်ပါပဲ။

ဒီပြည်နယ်ရဲ့ ဥပဒေမှာ နိုင်ငံရေးပါတီတွေရဲ့ နာမည်ထဲ “American” ဆိုတဲ့ စကားလုံး မပါဝင်ရဘူးလို့ ပြဌာန်းထားပါတယ်။ “American” ဆိုတဲ့ စကားလုံးရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်တာကိုတောင်မှ တားမြစ်ထားပါတယ်။

“အီလွန်မတ်ရဲ့ ပါတီသစ်အကြောင်း ဆွေးနွေးနေတဲ့ လူတွေနဲ့ ကျွန်တော် Zoom ကနေ တစ်ခါ စကားပြောဖူးတယ်။ ပါတီသစ်ထောင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ အီလွန်မတ် သဘောပေါက်လာရင် သူ လက်လျှော့သွားမှာပဲလို့ တော်တော်များများက ယူဆကြတယ်” လို့ ရွေးကောက်ပွဲဥပဒေ ကျွမ်းကျင်ပညာရှင် Winger က ပြောပါတယ်။

ဒီလိုမျိုး ပြည်နယ်တွေမှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ဆိုရင် အီလွန်မတ်ရဲ့ ပါတီအနေနဲ့ အချိန် ၊ ငွေ ၊ လူ့စွမ်းအားအရင်းအမြစ် အမြောက်အများ သုံးစွဲရမှာပါ။ ပြည်နယ်တစ်ခုချင်းစီရဲ့ ရွေးကောက်ပွဲဥပဒေတွေကို ချဉ်းကပ်ပြီး အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ၊ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံလက်မှတ်တွေ စုဆောင်းဖို့ကျွမ်းကျင်ပညာရှင်တွေ ငှားရမ်းဖို့ လိုအပ်လာမှာပါ။

ပုံမှန်အားဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လုပ်ငန်းစဉ်တွေကို ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေက ဦးဆောင်လုပ်ကိုင်ရပါတယ်။ ကိုယ်စားလှယ်လောင်းအတွက် ထောက်ခံလက်မှတ်စုဆောင်းရေး ၊ မဲဆန္ဒရှင်စာရင်းပြုစုရေး ၊ ရွေးကောက်ပွဲကမ်ပိန်းအတွက် ရန်ပုံငွေရှာရေးနဲ့ ရန်ပုံငွေသုံးစွဲရေးတို့အတွက် မဟာဗျူဟာရေးဆွဲနိုင်ဖို့ ပါတီနဲ့ ကိုယ်စားလှယ်တွေက လက်တွဲလုပ်ဆောင်ရပါတယ်။

ဒါပေမဲ့အီလွန်မတ်ရဲ့ အမေရိကပါတီအဖို့ မကြာခင်မှာ တရားဝင်မှတ်ပုံတင်ထားပြီးသား နိုင်ငံရေးပါတီတစ်ခု ဖြစ်လာဖို့ ဆိုတာ ဖြစ်နိုင်ခြေနည်းလှပါတယ်။ အကြောင်းအရင်းတစ်ခု ရှိနေပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အရည်အချင်းပြည့်မီမှုကို သုံးသပ်ဆုံးဖြတ်ပေးရတဲ့ ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်(FEC) ဟာ လက်ရှိအချိန်မှာ ကော်မရှင်နာအဖွဲ့ဝင် အရေအတွက် မပြည့်မီသေးတာကြောင့် ဖြစ်ပါတယ်။ ဧပြီလမှာ ကော်မရှင်နာအဖွဲ့ဝင်တစ်ယောက် နုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ကော်မရှင်နာအဖွဲ့ဝင်အရေအတွက်မပြည့်မချင်း ပါတီသစ်မှတ်ပုံတင်တာကို အတည်ပြုဆုံးဖြတ်ပေးဖို့ ကြန့်ကြာနေဦးမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်နာအဖွဲ့ဝင်ကို အမေရိကန်သမ္မတကိုယ်တိုင်ကပဲ ခန့်အပ်လို့ ရပါတယ်။

သူ့ပါတီကို တရားဝင်မှတ်ပုံတင်ဖို့အတွက် အီလွန်မတ်က စာရွက်စာတမ်းတွေနဲ့ တရားဝင်လျှောက်ထားပြီးပြီလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ကိစ္စဖြစ်ပါတယ်။ ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ABC News မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

စူပါပီအေစီ

အီလွန်မတ်ရဲ့ အမေရိကပါတီအနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်ဖို့ အဖုအထစ် အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတာ ထင်ရှားပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လတ်တလောမှာ နိုင်ငံရေးလှုပ်ရှားမှု အထူးကော်မတီ( Super PAC) လမ်းကြောင်းကိုသာ ရွေးချယ်သင့်တယ်လို့ အမေရိကန်ရွေးကောက်ပွဲဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုအထူးကော်မတီတစ်ရပ်အဖြစ် ရပ်တည်ပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ဝင်ပြိုင်မယ့် အဓိကပါတီကြီးနှစ်ခုထဲကနေ သူတို့ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံတဲ့ နည်းလမ်းကို ရွေးချယ်နိုင်တယ် သူတို့က ပြောပါတယ်။ လာမယ့်နှစ်ရွေးကောက်ပွဲမှာ လက်ရှိရီပတ်ဘလင်ကန်ခေါင်းဆောင်တွေကို အစားထိုးဝင်ပြိုင်ချင်တဲ့ ရီပတ်ဘလင်ကန်ကိုယ်စားလှယ်လောင်းတွေကို အီလွန်မတ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အထူးကော်မတီက ထောက်ခံအားပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီရွေးကောက်ပွဲတွေက ကွန်ဂရက်လွှတ်တော်ကို ဘယ်သူထိန်းချုပ်နိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ကျွမ်းကျင်သူတွေရဲ့ အပြောအရ အီလွန်မတ်အဖို့ ဒီနည်းလမ်းက ပိုရှင်းလင်းလွယ်ကူပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးလှုပ်ရှားမှုအထူးကော်မတီတွေကို ရွေးကောက်ပွဲ ကမ်ပိန်းရန်ပုံငွေရှာဖွေရေး ၊ ရန်ပုံငွေသုံးစွဲမှုရေးနဲ့ ပတ်သက်လို့ ကန့်သတ်ထိန်းချုပ်ထားတာ မရှိပါဘူး။ ဒါကြောင့် အီလွန်မတ် နိုင်စေချင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရန်ပုံငွေ အကန့်အသတ်ကင်းကင်း သုံးစွဲပြီး ထောက်ပံ့ပေးနိုင်ပါတယ်။

အီလွန်မတ်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုအထူးကော်မတီအနေနဲ့ ရပ်တည်မယ်ဆိုရင် အားနည်းချက်တစ်ခုကတော့ မှတ်ပုံတင်ပြီးသား နိုင်ငံရေးပါတီတွေလိုမျိုး ရွေးကောက်ပွဲကမ်ပိန်းတွေ တိုက်ရိုက်မလုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့အီလွန်မတ်ရဲ့ အမေရိကပါတီအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုအထူးကော်မတီအနေနဲ့ ရပ်တည်ပြီး သူတို့ကိုယ်သူတို့ နိုင်ငံရေးပါတီတစ်ခုလို မိတ်ဆက်နိုင်တယ်လို့ ရွေးကောက်ပွဲဥပဒေပညာရှင် Matt Sanderson က ပြောပါတယ်။

“သူတို့ဘာသာ သူတို့ စိတ်ကြိုက်ခေါ်လို့ ရတယ်။ ရွေးကောက်ပွဲကမ်ပိန်းတွေ တိုက်ရိုက်မလုပ်သရွေ့ နိုင်ငံရေးလှုပ်ရှားမှု အထူးကော်မတီတစ်ခုက သူတို့ကိုယ်သူတို့ နိုင်ငံရေးပါတီလို့ ခေါ်ဝေါ်တာက ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်က မတားမြစ်ထားဘူး”

အီလွန်မတ်ရဲ့ အမေရိကပါတီအနေနဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ရဖို့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ဘေးချိတ်ပြီး နိုင်ငံရေးပါတီတစ်ခုလိုမျိုးပဲ သူတို့ လုပ်စရာရှိတာ ဆက်လုပ်သွားနိုင်တယ်လို့ Matt Sanderson က ဆိုပါတယ်။

ပါတီသစ် အသက်ဝင်လာမှာလား

ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းစဉ်တွေကို ရှောင်ရှားပြီး နိုင်ငံရေးလှုပ်ရှားမှု အထူးကော်မတီအဖြစ် ရပ်တည်တာမျိုးထက် တရားဝင်နိုင်ငံရေးပါတီအဆင့်အတန်းရရှိတာမျိုးက အကျိုးကျေးဇူးပိုများတယ်လို့ နောက်ထပ်ရွေးကောက်ပွဲဥပဒေပညာရှင်တစ်ဦးဖြစ်သူ Caleb Burns က ပြောပါတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးသမားရဲ့ အများမြင်ပုံရိပ်အဖြစ် ရှိနေတယ်ဆိုတဲ့အကြောင်း သူက အလေးအနက်ထား ပြောပါတယ်။

“နိုင်ငံရေးပါတီသစ်တစ်ခုရဲ့ အောင်မြင်မှုဆိုတာက သူတို့ပါတီမှာ ကိုယ်စားလှယ်လောင်း လုံလုံလောက်လောက် ရှိရဲ့လားဆိုတာအပေါ် မူတည်တယ်။ ပါတီကို ထောက်ခံတဲ့ ပြည်သူဘယ်လောက်များများ ရှိသလဲဆိုတာအပေါ် မူတည်တယ်” လို့ သူက ဆိုပါတယ်။

“တကယ်လို့ ပြည်သူတွေက အဲဒီပါတီဘက်က ရပ်တည်ချင်တယ်ဆိုရင် အဲဒီပါတီရဲ့ အများမြင်ပုံရိပ်ကို မြှင့်တင်ဖို့ တတ်နိုင်တာ အားလုံးကို လုပ်သင့်တယ်။ နိုင်ငံရေးပါတီသစ်တစ်ခု တရားဝင်တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အဖွဲ့အစည်းဆိုင်ရာ ၊ ဥပဒေဆိုင်ရာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်လုပ်ရမှာပဲ” လို့ သူက ပြောပါတယ်။

အဓိကအရေးပါဆုံးအချက်ကတော့ ပါတီသစ် ၊ နိုင်ငံရေးသမားသစ်တစ်ယောက်ကို လူထုက ဘယ်လောက် စိတ်ဝင်စားသလဲဆိုတာပဲ ဖြစ်တယ်လို့ Caleb Burns က ပြောပါတယ်။

အီလွန်မတ်ရဲ့ အမေရိကပါတီအနေနဲ့ အလားအလာရှိတဲ့ တတိယပါတီတစ်ခု ဖြစ်လာဖို့အတွက် အခြားပြဿနာတွေလည်း ရှိနေပါတယ်။ အမေရိကန်မှာ ဒီမိုကရေစီစနစ်က သံပတ်ကုန်သွားပြီ ၊ အာဏာရှင်ဆန်တဲ့ စီးပွားရေးသမားပုံစံ ခေါင်းဆောင်မျိုးနဲ့ အုပ်ချုပ်မှရတော့မယ်လို့ ကြွေးကြော်ထားသူတစ်ယောက်ကို အီလွန်မတ်က သူ့ရဲ့ နိုင်ငံရေးအကြံပေးအဖြစ် ချဉ်းကပ်ပြီး အလုပ်လုပ်နေတယ်လို့ The Guardian က ဖော်ပြပါတယ်။

ဒီထက်ပိုပြီး အခြေခံကျတဲ့ ပြဿနာတစ်ခုကတော့ အီလွန်မတ်ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်သူတွေအများစုက အီလွန်မတ်ကို မနှစ်မြို့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စစ်တမ်းတစ်ခုရဲ့ အဆိုအရ အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်းက အီလွန်မတ်ကို မနှစ်မြို့တဲ့ အမြင် ရှိကြပါတယ်။ ဒီစစ်တမ်းမှာ အီလွန်မတ်ကို သဘောကျသူကတော့ ၃၂ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရပါတယ်။

နိုင်ငံရေးသိပ္ပံပါမောက္ခ Bernard Tamas က အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံရေးရဲ့ မျက်မှောက်ကာလမှာ နောက်ထပ်ပါတီသစ်တစ်ခု ပေါ်ပေါက်လာပြီး ကွန်ဂရက်လွှတ်တော်မှာ နေရာတွေ အနိုင်ရမယ်။ ပြီးတော့ အစိုးရအပေါ်မှာ သက်ရောက်မှုရှိအောင် လုပ်နိုင်မယ်ဆိုတာကို ပြောပြနိုင်မယ့် အထောက်အထား ကျွန်တော်ဖြင့် မမြင်မိပါဘူး”

Ref: The Guardian ၊ Reuters ၊ ABC News ၊ The New York Times

ဈာန်ဟိန်း