BREAKING
October 19, 2025

ဆရာဝန်တွေကို AI စက်ရုပ်တွေ စိန်ခေါ်တော့မယ်၊ သည်းခြေအိတ်ခွဲစိတ်မှု အမှားအယွင်းမရှိ လုပ်ဆောင်

July 13, 2025

ဂျွန်ဟော့ကင်းတက္ကသိုလ်က တီထွင်ထားတဲ့ “Surgical Robot Transformer-Hierarchy (SRT-H)” လို့ခေါ်တဲ့ ခွဲစိတ်စက်ရုပ်ဟာ လူသားနဲ့ လုံးဝဆင်တူတဲ့ ပုံစံတူမော်ဒယ်တစ်ခုရဲ့ သည်းခြေအိတ်ကို လူသားရဲ့အကူအညီ လုံးဝမပါဘဲ ရာနှုန်းပြည့်တိကျမှန်ကန်စွာ ဖယ်ရှားနိုင်ခဲ့ပြီလို့ သိရပါတယ်။

ဒီစက်ရုပ်ဟာ အဆင့်ဆင့် ပရိုဂရမ်ရေးဆွဲခံထားရတာမျိုး မဟုတ်ပါဘူး။ အငယ်တန်းဆရာဝန်တစ်ယောက်လို တကယ့်ခွဲစိတ်မှုတွေကို ကြည့်ရှုပြီး ဒီစက်ရုပ်က သင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်သေကောင်တွေရဲ့ သည်းခြေအိတ်ကိုထုတ်တဲ့ ခွဲစိတ်မှု ဗီဒီယိုတွေကို အသုံးပြုပြီး ဒီစက်ရုပ်ကို လေ့ကျင့်ပေးခဲ့တာပါ။

ဗီဒီယိုထဲက လုပ်ဆောင်ချက်တိုင်းကို စာတန်းတွေ၊ အသံ command တွေကတစ်ဆင့် ရှင်းပြပေးထားလို့ ဘာလုပ်ရမယ်ဆိုတာတင်မကဘဲ ဘာကြောင့် လုပ်ရတယ်ဆိုတာကိုပါ စက်ရုပ်က နားလည်လာခဲ့တာပါ။ စက်ရုပ်ရဲ့ သင်ယူနိုင်စွမ်းက တကယ်ကို အံ့အားသင့်စရာကောင်းတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။

SRT-H စက်ရုပ် ဟာ သည်းခြေအိတ်ထုတ်တာကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ဖို့ ရှုပ်ထွေးတဲ့ အဆင့် ၁၇ ဆင့်ပါဝင်တဲ့ ခွဲစိတ်မှုကို လူသားနဲ့တူတဲ့ မော်ဒယ်တွေမှာ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ရှူးအရောင်ပြောင်းလဲတာမျိုး၊ အနေအထား အခြေအနေပြောင်းလဲတာမျိုး စတဲ့ စိန်ခေါ်မှုတွေကိုလည်း အချိန်နဲ့တပြေးညီ ချိန်ညှိပြီး စက်ရုပ်က ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတိုင်းကိုလည်း ကျွမ်းကျင်သူတစ်ယောက်ပမာ တိကျမှုနဲ့ လုပ်ဆောင်နိုင်စွမ်းရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီစက်ရုပ်ကို ChatGPT နည်းပညာမျိုးနဲ့ ခေတ်မီ AI နည်းပညာတွေကို အသုံးပြုပြီး ဖန်တီးထားတာပါ။ ဒါကြောင့် အသံ command တွေကို နားထောင်ပြီး ခွဲစိတ်မှုအတွင်း အခြေအနေပြောင်းလဲသွားရင်လည်း လိုက်လျောညီထွေဖြစ်အောင် SRT-H စက်ရုပ်က လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ လူသားဆရာဝန်တွေထက် အချိန်ပိုကြာခဲ့ပေမယ့် အရာအားလုံးကို စက်ရုပ်က သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ်အဆင့်တစ်ခုအနေနဲ့ SRT-H စက်ရုပ်ကို တခြား ခွဲစိတ်မှုအမျိုးအစားတွေမှာ စမ်းသပ်သွားဖို့ ပြင်ဆင်နေပါပြီ။ လက်ရှိမှာတော့ သက်ရှိလူသားတွေကို ခွဲစိတ်ဖို့ ခွင့်ပြုချက် မရသေးပေမယ့် သုတေသနအဖွဲ့ကတော့ လာမယ့် ၁၀ နှစ်အတွင်း သက်ရှိလူသားတွေကို ခွဲစိတ်နိုင်ဖို့ ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်ထားပါတယ်။ ဒါဟာ ဆေးပညာလောကရဲ့ အနာဂတ်အတွက် တကယ်ကို ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း ပညာရှင်တွေက မှတ်ချက်ပေးထားကြပြီဖြစ်ပါတယ်။