ဂျပန်အမျိုးသား သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ် (NICT) က သုတေသီတွေဟာ Sumitomo Electric နဲ့ ပူးပေါင်းပြီး တစ်စက္ကန့်ကို 1.02 petabit (1.02 Pb/s) နှုန်း ရရှိစေမယ့် ကမ္ဘာ့စံချိန်တင် အင်တာနက်မြန်နှုန်းသစ်ကို ဖန်တီးတီထွင်လိုက်ပါပြီ။
ဒီမြန်နှုန်းဟာ ဘယ်လောက်အထိ အံ့မခန်းဖြစ်စရာကောင်းသလဲဆိုရင် Netflix ရဲ့ ဗီဒီယိုအားလုံးကို တစ်စက္ကန့်အတွင်း Download လုပ်လို့ရတဲ့နှုန်း ဖြစ်နေတာကို မြင်တွေ့ရပါတယ်။
ဒီလိုစံချိန်တင် မြန်နှုန်းကို ပုံမှန်အရွယ်အစားရှိတဲ့ 19-core optical fiber (အလင်းမျှင်ကေဘယ်လ်) အသုံးပြုပြီး ကီလိုမီတာ ၁,၈၀၀ (မိုင်ပေါင်း ၁,၁၀၀ ကျော်) အထိ အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီလို့ ဂျပန် အမျိုးသား သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ် (NICT) က အသိပေးထားပါတယ်။
ဒါဟာ လက်ရှိ အင်တာနက် အခြေခံအဆောက်အအုံတွေမှာ အသုံးပြုနေတဲ့ မြန်နှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ မြန်ဆန်လွန်းနေတဲ့စံချိန်ပါပဲ။
ဒီနည်းပညာဟာ လက်ရှိအချိန်မှာတော့ အိမ်သုံး broadband အင်တာနက်တွေဆီကို ချက်ချင်းရောက်လာဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါဟာ အနာဂတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တွေ၊ ပင်လယ်ရေအောက် ကေဘယ်လ်လိုင်းတွေနဲ့ 6G ကွန်ရက်တွေအတွက် အဓိကကျတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာဖို့တော့ ကျိန်းသေသွားခဲ့ပြီပဲဖြစ်ပါတယ်။
ဒီအောင်မြင်မှုက လက်ရှိမှာတော့ နည်းပညာစွမ်းရည်ကို ပြသတဲ့ သရုပ်ပြပွဲ (tech demo) တစ်ခုအဖြစ်သာ ရှိပါသေးတယ်။
ဒါပေမဲ့ ဒီနည်းပညာသစ်က အနာဂတ်မှာ အချိန်ကြာမြင့်စွာ Download ဆွဲရခြင်းနဲ့ လိုင်းနှောင့်နှေးခြင်းစတဲ့ ပြဿနာတွေကို လုံးဝမေ့ပျောက်ထားနိုင်တဲ့အထိ ပြေလည်မှုရသွားအောင် ကူညီပေးလိမ့်မယ်လို့ ဂျပန် အမျိုးသား သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ် (NICT) က ပြောပါတယ်။
Petabit ဆိုတာ
- Kilobit (Kb): 1,000 bits (အသေးဆုံး)
- Megabit (Mb): 1,000 Kilobits (လက်ရှိသုံးနေတဲ့ Broadband မြန်နှုန်း)
- Gigabit (Gb): 1,000 Megabits (Fiber အချို့မှာ မြင်ရတဲ့ မြန်နှုန်း)
- Terabit (Tb): 1,000 Gigabits
- Petabit (Pb): 1,000 Terabits (ဒါက အခု ဂျပန် ရရှိခဲ့တဲ့ မြန်နှုန်းပါပဲ)
Petabit ဆိုတာဟာ gigabit ထက် အဆပေါင်း တစ်သန်းလောက်မြန်တဲ့ မြန်နှုန်းဖြစ်ပြီး လက်ရှိ အင်တာနက်မြန်နှုန်းတွေထက် မယုံနိုင်စရာကောင်းလောက်အောင် ပိုမြန်တဲ့ ယူနစ်တစ်ခု ဖြစ်ပါတယ်။