ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန် ၇ ရက်မှ ၁၃ ရက်အထိ
အီရန်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်

အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အစ္စရေးနိုင်ငံက လေကြောင်းကနေ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာ စတင်တိုက်ခိုက်လိုက်ပါတယ်။
Rising Lion စစ်ဆင်ရေးအနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အအုံတွေအပါအဝင် စစ်ရေးပစ်မှတ်တွေကို အစ္စရေးဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အီရန်နိုင်ငံဘက်ကတော့ အရေးပေါ်အခြေအနေ ကြေညာလိုက်ရပြီး ချက်ချင်း ပြန်လည်တုံ့ပြန်ဖို့ ကြေညာလိုက်ပါတယ်။
တိုက်ခိုက်မှုအတွက် အစ္စရေးဘက်က ပြန်လည်ပေးဆပ်ရမယ်လို့လည်း တုံ့ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်ထဲ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးမှုတွေရှိခဲ့တယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
ဒါပေမယ့် တိတိကျကျ အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
တိုက်ခိုက်မှုထဲမှာတော့ အမေရိကန်ပြည်ထောင်စုဘက်က ပါဝင်ပက်သက်တာ၊ ကူညီဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောထားပါတယ်။
Ref: AP
……………………………………..
အီရန်ဘက်က ဒရုန်း ၁၀၀ ခန့်နဲ့ အစ္စရေးကို ပြန်တိုက်ခိုက်

အစ္စရေးနိုင်ငံက အီရန်မြို့တော် တီဟီရန်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် အီရန်ဘက်က ဒရုန်း ၁၀၀ လောက်ဖြင့် အစ္စရေးဘက်ကို လွှတ်တင်လိုက်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
ဒါကို အစ္စရေးဘက်က ပြန်လည်ပစ်ချနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောကြားလိုက်တာပါ။
တီဟီရန်မြို့တော်ကို လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် အီရန်ဘက်က စစ်ရေးအရာရှိသုံးဦးအထိ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။
အီရန်ဘက်ကတော့ တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်သော Hossein Salami သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာထားပါတယ်။
လက်ရှိမှာတော့ ဗုံးကြဲတိုက်ခိုက်မှုကို နိုင်ငံတကာကတော့ ကန့်ကွက်ပြီး နှစ်ဖက်တင်းမာမှုလျှော့ချဖို့ တိုက်တွန်းထားကြပါတယ်။
Ref: BBC
……………………………………..
လူ ၂၅၀ နီးပါး လိုက်ပါလာတဲ့ အိန္ဒိယလေယာဉ် ပျက်ကျ

အိန္ဒိယနိုင်ငံမှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေအပါအဝင် လူ ၂၅၀ နီးပါး လိုက်ပါလာတဲ့ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်တစ်စင်း ဇွန်လ ၁၂ ရက်နေ့က ပျက်ကျခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၂၄၂ ဦး လိုက်ပါလာတာပါ။
အများစုကတော့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံသားတွေဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသားတစ်ဦး အသက်ရှင်ခဲ့ပြီး ကျန်လူတွေ အားလုံး သေဆုံးခဲ့ပါတယ်။
လေယာဉ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကနေ လန်ဒန်မြို့ကို သွားရောက်ဖို့ Ahmedabad မြို့ရဲ့ နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာလာခဲ့တာပါ။
လေယာဉ်က လေဆိပ်က ထွက်ခွာလာပြီးနောက် ခဏအကြာမှာ အနီးရှိ လူနေရပ်ကွက်ဖြစ်တဲ့ Meghani Nagar ကို ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
Ref: Aljazeera
……………………………………..
ဖူးခက်မှ နယူးဒေလီသွားမယ့် အိန္ဒိယလေယာဉ် ဗုံးခြိမ်းခြောက်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ နယူးဒေလီကို ပျံသန်းမယ့် အိန္ဒိယလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းဟာ ဗုံးခြိမ်းခြောက်ခံရပြီး ဖူးခက်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။
Air India လေကြောင်းလိုင်းပိုင် လေယာဉ် AI379 ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီကို သွားဖို့ ဖူးခက်နိုင်ငံတကာလေဆိပ်ကနေ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်မှာ ထွက်ခွာလာခဲ့တာပါ။
လေယာဉ်ပျံသန်းနေတဲ့အချိန် လေယာဉ်မှူးက ဗုံးခြိမ်းခြောက်မှု စာတိုကို လက်ခံရရှိပြီးတဲ့နောက် လေကြောင်းထိန်းသိမ်းရေးစခန်းကို အရေးပေါ် အကြောင်းကြားခဲ့ရပါတယ်။
နောက် လေယာဉ်ကို ဖူးခက်နိုင်ငံတကာလေဆိပ်ကိုပဲ ပြန်လည်ဆင်းသက်လိုက်ရတာပါ။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၅၆ ဦးလိုက်ပါလာပြီး အားလုံး ဘေးကင်းခဲ့ပါတယ်။
လေဆိပ်အာဏာပိုင်တွေကလည်း အရေးပေါ်ဗုံးခြိမ်းခြောက်မှုအခြေအနေနဲ့ ပက်သက်လို့ ချက်ချင်း ရှင်းလင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
……………………………………..
တောင်အာဖရိကမှာ ရေကြီးလို့ အနည်းဆုံး လူ ၇၈ ဦးသေဆုံး

တောင်အာဖရိကနိုင်ငံ အရှေ့ကေ့ဗ်ပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇၈ ဦးအထိ ရှိလာပါတယ်။
တောင်အာဖရိကမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို ဆီးနှင်းတွေလည်း ကျရောက်နေတာပါ။
ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားတွေလည်း ပြတ်တောက်နေပါသေးတယ်။
ကျောင်းကားတစီး ရေလွှမ်းမိုးမှုကြောင့် လမ်းပေါ်မှာပဲ မျောပါသွားခဲ့တာပါ။
အဲဒီဘတ်စ်ကားပေါ်က လူ ၆ ဦးသေဆုံးပြီး ၄ ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။
မြစ်နဲ့နီးတဲ့ နေရာတွေမှာတော့ ရေက ၁၀ ပေကနေ ၁၃ ပေအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
Ref: AP
……………………………………..
Labubu အရုပ်ရောင်းရငွေ ဒေါ်လာ တစ်သောင်းခွဲအထိ စံချိန်တင်

Labubu အရုပ်ကြီးများကို The Yongle International Auction House က ဇွန်လ ၁၀ ရက်နေ့က လေလံတင်ရောင်းချခဲ့ပါတယ်။
၄ ပေ ၄ လက်မရှိတဲ့ အညိုရင့်ရင့် Labubu အရုပ်ကြီးက ဈေးအများဆုံးရခဲ့တာပါ။
ပွဲအတွင်း Labubu အရုပ်ပေါင်း ၄၈ မျိုးအထိ ရောင်းချနိုင်ခဲ့ပြီး ရောင်းချရမှုက ဒေါ်လာ ၁၅၀,၃၂၄ အထိ စံချိန်တင်ခဲ့တာပါ။
Labubu အရုပ်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ အရုပ်တွေထဲမှာ ဈေးအကြီးဆုံးအရုပ် ဖြစ်လာနေပါတယ်။
ကြောက်စရာ တိရစ္ဆာန်ပုံစံအရုပ်ဖြစ်တဲ့ Labubu ကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဟောင်ကောင် အနုပညာရှင် ကားဆင်းလောင်က ဖန်တီးခဲ့တာဖြစ်ပါတယ်။
Ref: BBC
……………………………………..
တန်ဖိုးနည်း လေကြောင်းလိုင်း စင်ကာပူအခြေစိုက် Jetstar Asia ကို ပိတ်တော့မယ်

စင်ကာပူနိုင်ငံအခြေစိုက် တန်ဖိုးနည်း Jetstar Airways လေကြောင်းလိုင်းကို ပိတ်ပစ်တော့မယ်လို့ ဇွန်လ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
လေဆိပ်အခကြေးငွေ ပိုမြင့်မားလာတာနဲ့ စရိတ်နည်း လေကြောင်းလိုင်းတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာလို့ လေကြောင်းလိုင်းကို ပိတ်ပစ်တော့မယ်လို့ ကြေညာလိုက်တာပါ။
သက်တမ်း ၂၀ အရွယ်ရှိပြီဖြစ်တဲ့ Jetstar Airways လေကြောင်းလိုင်းကို လာမယ့်လမှာ ပိတ်ပစ်ရင် အလုပ်အကိုင် ၅၀၀ အထိ ဆုံးရှုံးနိုင်တယ်လို့ တွဲဖက်ကုမ္ပဏီဖြစ်တဲ့ ဩစတေးလျနိုင်ငံရဲ့ ကွာတာစ်က ဆိုပါတယ်။
Jetstar Asia လေကြောင်းလိုင်းက Airbus လေယာဉ် ၁၃ စင်းကို သြစတြေးလျနဲ့ နယူးဇီလန်ဆီ ပြန်နေရာချထားမယ်လို့လည်း ကြေညာပါတယ်။
Jetstar Asia လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေ မြင့်တက်လာတာ၊ လေဆိပ်တွေမှာ ရပ်နားခ မြင့်တက်တာ၊ AirAsia နဲ့ Singapore Airlines ရဲ့ စကုထ် အပါအဝင် အရှေ့တောင်အာရှ စရိတ်နည်း လေကြောင်းလိုင်းတွေနဲ့ အပြိုင်ဖြစ်လာလို့ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
Ref: BBC
……………………………………..