BREAKING
June 14, 2025

တိုက်ပွဲငြိမ်သော်လည်း ရွှေဂူတံတားအနီး နေထိုင်သူအချို့ နေရပ်မပြန်နိုင်သေး

June 13, 2025

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာအုပ်စုရှိ ရွှေဂူတံတားအနီးတွင် နေထိုင်သူများသည် တိုက်ပွဲငြိမ်သက်သွားပြီ ဖြစ်သော်လည်း နေရပ်တွင် ပြန်လည် မနေထိုင်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁ ရက်က ရွှေဂူတောင်ပေါ် နှင့် တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးအင်အားစု တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တံတားအနီး နေထိုင်သည့် စော်ဝရွာနှင့် ရွှေဂူတောင်ရွာဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရသည်။

တိုက်ပွဲငြိမ်သက်သွားပြီးနောက် ဇွန်လပထမအပတ်အတွင်း နေရပ်စွန့်ခွာသူအများစု နေရပ်ပြန်လာကြသော်လည်း ရွှေဂူ တောင်ရွာတွင် နေထိုင်သူများမှာမူ တိုက်ပွဲထပ်ဖြစ်မည်စိုးရိမ်၍ ပြန်လည် မနေထိုင်ရဲကြသေးကြောင်း စော်ဝရွာခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတော့ စော်ဝရွာမှာတော့ ပြန်လာနေကြပြီ။ ဒါပေမဲ့ ရွှေဂူတံတားနားမှာ နေသူတွေကတော့ မနေရဲကြဘူး။ မြို့ပေါ်ရွှေ့သူနဲ့ အခြားဆွေမျိုးတွေဆီ သွားနေသူတွေ ရှိတယ်။ တချို့ကလည်း နေ့ဘက်လာနေပြီး ညဘက် တခြားမှာ သွားအိပ်တယ်။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ ညအိပ်ညနေ မနေကြဘူး” ဟု ယာယီ နေ့ရပ်စွန့်ခွာခဲ့ရသည့် စော်ဝရွာသား တစ်ဦးက ပြောသည် ။

တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအကြာတွင် ရွှေဂူတံတားဂိတ်၌ စစ်ကောင်စီတပ်သားများ နေရာပြန်ယူထားကြောင်း တံတားဖြတ်သန်း သွားလာနေသူများထံမှ သိရသည်။

ရွှေဂူတောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူအမြောက်အမြားအသုံးပြုခဲ့ပြီး လက်နက်ကြီးကျည်များ စော်ဝရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဆရာတော်တစ်ပါး နှင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့သည့်အပြင် သာသနိကအဆောက်အအုံနှင့် လူနေအိမ်များလည်း ထိခိုက်ခဲ့ကြောင်း ရွာသားများက ပြောသည် ။

အဆိုပါ တိုက်ပွဲတွင် ဒူရကစစ်ကြောင်း၊ YPDF ၊TPLF၊ DGRF ၊ ဧဒင်မှူး ၊ က္လားသစ္ဏတ် ၊ ဘီလုံးပြောက်ကျား နှင့် ဒေါင်းညီနောင် စစ်ကြောင်း စသော တပ်ဖွဲ့များ ပါဝင်ခဲ့ပြီး စစ်ကောင်စီ ဘက်က လေးဦးသေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။