အမေရိကန်အစိုးရက နိုင်ငံတကာဘွဲ့လွန်ကျောင်းသားများသို့ နှစ်စဉ်ပေးလေ့ရှိသည့် ဖူးလ်ဘရိုက်ပညာသင်ဆုဘုတ်အဖွဲ့က အဖွဲ့ဝင်အားလုံး နုတ်ထွက်ပြီ ဖြစ်သည်။
ဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်ထဲ ထရမ့်အစိုးရ၏ ကြားဝင်စွက်ဖက်မှုများကြောင့် ယင်းသို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည့် ဘုတ်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဖူးလ်ဘရိုက် ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားအများအပြားကို ပညာသင်ဆုပေးအပ်ရန် ထရမ့်အစိုးရက ငြင်းဆန်ခဲ့သည်။
ယင်းလုပ်ရပ်မှာ ဖူးလ်ဘရိုက်ပညာသင်ဆုဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာကို လုယူစွက်ဖက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် အဆိုပါဘုတ်အဖွဲ့က ဆိုသည်။
လက်ရှိတွင်လည်း ထရမ့်အစိုးရက ဖူးလ်ဘရိုက်ပညာသင်ဆုရ နောက်ထပ် နိုင်ငံတကာကျောင်းသားဦးရေ ၁၂၀၀ ကို တရားမဝင် သုံးသပ်စိစစ်မှုပြုလုပ်နေပြီး ပညာသင်ဆု ငြင်းပယ်မှုများ ထပ်လုပ်သွားရန် ရှိနေသည်ဟု ဘုတ်အဖွဲ့က ဆိုသည်။
“ဒီလုပ်ရပ်တွေက ဥပဒေနဲ့လည်း ဆန့်ကျင်သလို ပညာရေးလွတ်လပ်ခွင့်အပါအဝင် ကွန်ဂရက်ရဲ့ စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားတဲ့ ဖူးလ်ဘရိုက်ပညာသင်ဆုရဲ့ ရည်မှန်းချက်၊ စံတန်ဖိုးတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်” ဟု ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထရမ့်အစိုးရက ပညာတော်သင် ထောက်ပံ့ကြေးပေးရန် ငြင်းပယ်နေသည့် ဖူးလ်ဘရိုက်ပညာသင်ဆုရ ကျောင်းသား အများစုမှာ ဇီဝဗေဒ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ စိုက်ပျိုးမွေးမြူရေး၊ သီးနှံသိပ္ပံ၊ တိရစ္ဆာန်များကို လေ့လာသည့် သိပ္ပံပညာရပ်များ၊ ဇီဝဓာတုဗေဒ၊ ဆေးဘက်ဆိုင်ရာသိပ္ပံ၊ ဂီတနှင့် သမိုင်း စသည့် ပညာရပ်နယ်ပယ်များ ဖြစ်ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များမှာ တရားမဝင် မှားယွင်းနေကြောင်း စာရေးသားပေးပို့မှုအပါအဝင် အကြိမ်ကြိမ် ပြောဆိုမှုများ ရှိခဲ့သော်လည်း ထရမ့်အစိုးရဘက်က အသိအမှတ်ပြု တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ဘုတ်အဖွဲ့က ဆိုသည်။
ဘုတ်အဖွဲ့ဝင်အားလုံး နုတ်ထွက်သည့် လုပ်ရပ်မှာ သမ္မတထရမ့်ကို ထိုးနှက်ရန် ကြိုးစားသည့် နိုင်ငံရေးစတန့်ထွင်မှုတစ်ခုသာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အကြီးတန်းအရာရှိတစ်ဦးက ဝေဖန်ပြောဆိုခဲ့သည်။
ဖူးလ်ဘရိုက်ပညာသင်ဆုသည် နိုင်ငံတကာဘွဲ့လွန်ကျောင်းသားများ၊ လူရွယ်တတ်သိပညာရှင်များ၊ အနုပညာရှင်များကို အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ရန်၊ သုတေသနပြုရန် အခွင့်အလမ်းပေးသည့် အမေရိကန်အစိုးရက ထောက်ပံ့ပေးသည့် ပညာသင်ဆုတစ်ခု ဖြစ်သည်။
အဆိုပါပညာသင်ဆုကို အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းလက်ထက် ၁၉၄၆ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်တွင် အတည်ပြုကာ နိုင်ငံတကာကျောင်းသားများသို့ စတင်ပေးအပ်ခဲ့သည်။
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၅၀ နိုင်ငံမှ ကျောင်းသားများအတွက် ပညာသင်ဆုများ ပေးအပ်လျက် ရှိသည်။
နှစ်စဉ် နိုင်ငံတကာက ကျောင်းသားပေါင်း ၄၀၀၀ ခန့်ကို ဖူးလ်ဘရိုက် ပညာသင်ဆုများ ပေးအပ်လျက် ရှိသည်။
Source: ABC News