BREAKING
June 14, 2025

လောင်းလုံး ကညုံကျွန်းရွာကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများထွက်ပြေး

June 13, 2025

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ‌ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ထားဝယ်မြစ်ထဲမှတစ်ဆင့် လှေဖြင့် ကညုံကျွန်းရွာကို ယနေ့ ဇွန်လ ၁၃ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ‌တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

“(စစ်ကောင်စီတပ်တွေ သေနတ်) ပစ်ပစ်ပြီး လှေတွေနဲ့ (ကညုံကျွန်းရွာထဲကို) ဝင်လာနေတယ်လို့တော့ ကြားရတယ်။ တချို့ကလည်း ရွာထဲရောက်နေပြီလို့လည်း ပြောကြတယ်” ဟု တိမ်းရှောင်နေရသည့် ကညုံကျွန်းရွာသူတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပြောဆိုသည်။

ဇွန်လ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင်မူ စစ်ကောင်စီ လေယာဉ်တစ်စင်း ထားဝယ်မြစ်ကမ်းတစ်လျှောက် ပျံသန်းလာပြီးနောက် ကညုံကျွန်းရွာအနီးတွင် ဗုံးကြဲချခဲ့သည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ ဗုံးကြဲချပြီးနောက် ထားဝယ်မြစ်အတိုင်း စစ်သင်္ဘောသုံးစီးရောက်လာပြီး ကညုံကျွန်းရွာကမ်းနားတွင် ဆိုက်ကပ်ကာ ရွာထဲသို့ဝင်ရောက်နေကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်နှင့်ပတ်သက်ပြီး မေးမြန်းရန် လောင်းလုံး ပကဖနှင့် တပ်ဖွဲ့ဝင်အချို့ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လတ်တလော အဆက်အသွယ် မရဖြစ်နေသည်။

ကညုံကျွန်းရွာခံများအပါအဝင် အနီးအနားရှိ ဒေသခံအချို့မှာ မိုးသည်းသည်းမဲမဲရွာနေသည့်ကြားမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူများရှိသလို အခြေအနေစောင့်ကြည့်နေသူများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိစစ်ကြောင်းထိုးခံနေရသည့် ကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာ ၃၀ ခန့်မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေခြင်း၊ ဖုန်းဆက်သွယ်ရေး အခက်အခဲတို့နှင့်လည်း ကြုံတွေ့နေကြရသည်။

မေလ ၃၀ ရက် လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်သည့်အချိန်ကတည်းက လျှပ်စစ်မီးပြတ်တောက်သွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖုန်းလိုင်းအချို့ပါ ပြတ်တောက်လျက်ရှိသည်။