အီရန်က အစ္စရေးသို့ ဦးတည်၍ ဒရုန်းအစီးရေ ၁၀၀ ကျော် ပစ်လွှတ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုလိုက်သည်။
အီရန်နိုင်ငံအတွင်းရှိ တည်နေရာများကို အစ္စရေးမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အီရန်ဘက်မှ ယင်းသို့ လက်တုံ့ပြန်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ အီရန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒရုန်းများသည် အစ္စရေးနိုင်ငံသို့ ရောက်ရှိရန် နာရီအနည်းငယ် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။
အီရန်ဘက်မှ တိုက်ခိုက်လာသည့် ဒရုန်းများကို ကြားဖြတ်ဟန့်တားနိုင်ရန် လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Effie Defrin က ဆိုသည်။
ယနေ့ နံနက်အစောပိုင်းတွင် Rising Lion စစ်ဆင်ရေး အစိတ်အပိုင်းအနေဖြင့် အီရန်နိုင်ငံအတွင်းရှိ အဏုမြူလက်နက်ဆောက်လုပ်ရေး စီမံကိန်းတည်နေရာအချို့အပါအဝင် ဒါဇင်နှင့် ချီသည့် နေရာများကို အစ္စရေးဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
အီရန်က အဏုမြူလက်နက်ထိပ်ဖူးများ တည်ဆောက်မှု စတင်နေသောကြောင့် ယင်းသို့ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု အစ္စရေးဘက်က ဆိုသည်။
အီရန်မြို့တော် တီဟီရန်ကိုပါ တိုက်ခိုက်ခံရမှုကြောင့် အီရန်နိုင်ငံက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လေဆိပ်၊ ကျောင်းနှင့် ရုံးများကို ပိတ်ကာ အစ္စရေးကို ချက်ချင်းလက်တုံ့ပြန်ရန် ကြေညာလိုက်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်တီဟီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်များ အပါအဝင် သေဆုံးမှုများရှိနေကြောင်း အီရန်ဘက်က ထုတ်ပြန်ထားသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ရေးအရာရှိများနှင့် သိပ္ပံပညာရှင်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ Hossein Salami သေဆုံးကြောင်း အီရန်သတင်းဌာနများတွင် ဖော်ပြထားသည်။
အစ္စရေးက အီရန်ကို တိုက်ခိုက်လိုက်ပြီးနောက် အီရန်နှင့် ဂျော်ဒန်နှစ်နိုင်ငံက ၎င်းတို့၏ လေပိုင်နက်ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုထဲတွင် အမေရိကန်ပြည်ထောင်စုဘက်က ပါဝင်ပတ်သက်ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်သလို အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများ ပိုမိုတင်းမာလာတော့မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Source: Middle East Eye ၊ BBC ၊ AP