ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖူးခက်မှ နယူးဒေလီသွားမည့် အိန္ဒိယလေကြောင်းလိုင်း ဗုံးခြိမ်းခြောက်ခံရသဖြင့် ပြန်လှည့်

June 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ နယူးဒေလီသို့ ပျံသန်းမည့် အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်သည် ဗုံးခြိမ်းခြောက်ခံရပြီးနောက် ဖူးခက်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

Air India လေကြောင်းလိုင်းပိုင် လေယာဉ် AI379 သည် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ သွားရန် ဖူးခက်နိုင်ငံတကာလေဆိပ်မှ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးက ဗုံးခြိမ်းခြောက်မှု စာတိုကို လက်ခံရရှိပြီးနောက် လေကြောင်းထိန်းသိမ်းရေးစခန်းသို့အရေးပေါ် အကြောင်းကြားခဲ့ကာ ဖူးခက်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သတင်းတွင်ပါရှိသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၆ ဦးလိုက်ပါလာပြီး အားလုံးကို ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

လေဆိပ်အာဏာပိုင်များကလည်း အရေးပေါ်ဗုံးခြိမ်းခြောက်မှုအခြေအနေနှင့် ပတ်သက်၍ ချက်ချင်း ရှင်းလင်း ဆောင်ရွက်နေဟုဆိုသည်။

ယခုဖြစ်စဉ်သည် Air India လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး အိန္ဒိယနိုင်ငံတွင် ပျက်ကျခဲ့ပြီးနောက် ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။

Ref: Bangkok Post, Khaosod English, The Thaiger