BREAKING
June 14, 2025

ထားဝယ် ထီးခီးနယ်စပ်တစ်လျှောက်ကို KNU ထိန်းချုပ်

June 13, 2025

ပုံစာ - ဇွန်လ ၁၀ ရက်နေ့က ဗောဓိစခန်းအား KNU မှ သိမ်းပိုက်စဉ်။ ဓာတ်ပုံ - KNU

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ငါးရံ့နီစခန်းက တပ်ဖွဲ့ဝင်များ ဇွန်လ ၁၂ ရက်က ထိုင်းဘက်ကို စခန်းစွန့်ခွာထွက်ပြေး ပြီးနောက် ထားဝယ်မြို့နယ် ထီးခီးနယ်စပ်တစ်လျှောက်ကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။

ငါးရံ့နီစခန်းသည် ဇွန်လ ၁၀ ရက်က KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူလိုက်သည့် ပွိုင့် ၂၅၆၆ (ခေါ်) ဗောဓိစခန်း၏ မြောက်ဘက် မိုင် ၂၀ နီးပါးအကွာတွင် တည်ရှိသည်။

အဆိုပါစခန်းတွင် စစ်ကောင်စီ (၂၅) ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့် အထိုင်ချထားသည့် စခန်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ KNLA တပ်မဟာ ၄ သွားတိုက်မှာကို သူတို့ကြောက်ပြီးတော့ ထွက်ပြေးတယ်။ ထိုင်းနယ်စပ်ရှိတဲ့အတွက်ကြောင့် သူတို့က ထိုင်းဘက်ကပြေးသွားတယ်။ စစ်ကူလည်း မလာနိုင်တဲ့အတွက်ကြောင့် သူတို့ထွက်ပြေးတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ ထီးခီးနယ်စပ်တစ်လျှောက်ရှိ ထီးထဗျူဟာစခန်းကုန်း ဧပြီလ ၁၉ရက်တွင် သိမ်းယူခဲ့ပြီး မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိနယ်စပ်စခန်းကို KNU တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။

ယခုနောက်ဆုံးကျန်ရှိသည့် ငါးရံ့နီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသဖြင့် နယ်စပ်တစ်လျှောက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNU ထံမှ သိရသည်။

ထားဝယ်-ထီးခီးနယ်စပ် ကုန်သွယ်ရေးလမ်းတစ်လျှောက်တွင်မူ မေတ္တာ၊ ကျောက်မဲတောင်၊ ပကာရီစခန်းများ ကျန်ရှိနေပြီး ရေဖြူမြိုနယ်အရှေ့ဘက်နယ်စပ်တွင် စစ်ကောင်စီ၏ သုခစခန်းနှင့် နတ်အိမ်ထောင်စခန်းများ ကျန်ရှိသည်။