BREAKING
June 14, 2025

ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရေး ကုလညီလာခံအဆို ထောက်ခံမဲ အများစုဖြင့် အတည်ပြု

June 13, 2025

ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ကြာသပတေးနေ့က ထောက်ခံမဲအများစုဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။

ယင်းတောင်းဆိုချက်များတွင် ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာတွင် အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာနှင့်အခြားအကူအညီများ ပို့ဆောင်နိုင်ရန် အစ္စရေး၏ ပိတ်ဆို့မှုအားလုံး ဖွင့်ပေးရေးဆိုသည့် အချက်များလည်းပါဝင်သည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထောက်ခံမဲ ၁၄၉ မဲ ၊ ကန့်ကွက်မဲ ၁၂ မဲ ၊ ကြားနေမဲ ၁၉ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

စပိန်နိုင်ငံက ရေးဆွဲတင်သွင်းသည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် “အရပ်သားပြည်သူများအတွက် အစာရေစာပြတ်လပ်စေမှုကို စစ်ပွဲနည်းလမ်းတစ်ခုအနေဖြင့် အသုံးချခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်” ဟု ပါရှိသည်။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံတမန် Riyad Mansour က အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုပန်ကြားခဲ့သည်။

“သတ်ဖြတ်မှုတွေ ၊ နေရပ်စွန့်ခွာရမှုတွေ ၊ အစုလိုက်အပြုံလိုက် ငတ်မွတ်မှုဘေးတွေကို ရပ်တန့်ဖို့ ခင်ဗျားတို့ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်း ကလေးငယ်တွေ ဆိုးရွားလှတဲ့ သေခြင်းတရားနဲ့ နောက်ထပ်ဘယ်လို သေဆုံးရဦးမလဲဆိုတာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မဲခွဲဆုံးဖြတ်မှုမတိုင်မီ မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် Danny Danon က အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

စားနပ်ရိက္ခာ ပြတ်တောက်စေမှုကို အစ္စရေးက စစ်ပွဲနည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုနေသည်မှာ မဟုတ်မမှန်ကြောင်း ၎င်းက ငြင်းဆန်ပြောဆိုခဲ့သည်။ အဆိုပါ စွပ်စွဲချက်မှာ အစ္စရေးနိုင်ငံကို အသရေဖျက်ခြင်းပင် ဖြစ်ကြောင်း ၊ စားနပ်ရိက္ခာအကူအညီများကို ဂါဇာသို့ ပေးပို့နေပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မတ်လတွင် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်ရပ်သဘောတူညီချက် ပျက်စီးသွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာတွင် ၎င်းတို့၏ စစ်ဆင်ရေးကို ပြန်လည်စတင်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းခဲ့သည့် ဂါဇာအပစ်ရပ်ရေးနှင့် ဂါဇာသို့ အစ္စရေးက စားနပ်ရိက္ခာအကူအညီ ပိတ်ဆို့ထားမှုကို ဖယ်ရှားရေးကို တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းမှာ အတည်မပြုနိုင်ဘဲ အရေးနိမ့်ခဲ့ရသည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဓားစာခံများ ပြန်လွှတ်ပေးရေး တောင်းဆိုချက်မပါဝင်ဟု ဆိုကာ အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။

ကျန်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ပေးခဲ့သည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မဲခွဲဆုံးဖြတ်ရာတွင် မည်သည့်နိုင်ငံကမျှ ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြင်း မရှိချေ။

Source: France 24 ၊ ABC News