ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ(ခြံရှင်းခ) ဈေးထပ်တက်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။
ပြီးခဲ့သည့်နှစ်က စက်နှင့်လူ တစ်ရက်ငှားရမ်းခမှာ လေးသောင်းခွဲမှ ကျပ်ငါးသောင်းဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တစ်ရက်ငှားရမ်းခ ငါးသောင်းမှ ခြောက်သောင်းကျပ်အထိဖြစ်လာသည်ဟု ၎င်းတို့က ပြောသည်။
ဆန်၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားသည့် ဒေသများနှင့် နယ်မြေမအေးချမ်းသည့် ပဋိပက္ခဒေသများတွင် တောထွင်ရှင်းလင်းခမှာ လုပ်အားခ၊စက်နှင့်ဆီအတွက် တစ်ရက်ခြောက်သောင်းကျပ်ပေးရသည်ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ငှားမနိုင်ကြဘူး အလုပ်လည်းမရှိ ဘာလည်းမရှိဆိုတော့ ငှားမနိုင်ကြဘူး၊ ထွင်တတ်တဲ့သူတွေကတော့ ကိုယ့်ဘာသာကိုယ် ဖြည်းဖြည်းဖြည်းဖြည်းနဲ့ နိုင်သလောက်လေးလုပ်သွားကြတယ်၊ ကျွန်မတို့လို ထွင်သမားမရှိတဲ့သူဆို ငှားမှရတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
သရက်ချောင်းမြို့နယ်တွင်လည်း လုပ်အားခ၊စက်နှင်ဆီအပါ တစ်ရက်ငါးသောင်းကျပ်ပေးရပြီး ခြံရှင်မှ ဆီပေးလျှင် စက်ဖြင့် တောထွင်ခမှာ တစ်ရက်ကို ကျပ်သုံးသောင်းပေးရသည်ဟု စော်ဖျားကျေးရွာက ရော်ဘာခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ထွင်တဲ့လူတွေလဲ ထွင်နေကြတယ်၊ ပုံမှန်ဆို တစ်နှစ်ကို နှစ်ကြိမ်ထွင်တာပဲ၊ အခုက စက်သုံးဆီဈေးကလည်းကြီး အလုပ်သမားခကလည်းကြီးဆိုတော့ သီတင်းကျွတ်မှပဲ ထွင်တော့မလားလို့ စဉ်းစားနေတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
ပုံမှန်အားဖြင့် မိုးဦးမကျခင်တစ်ကြိမ်နှင့် ပွင့်လင်းရာသီတွင် တစ်ကြိမ် တောထွင်လေ့ရှိကြပြီး ယခုတောထွင်ခ စျေးတက်လာသဖြင့် ဧကများသူများမှာ လုပ်အားခမတတ်နိုင်သဖြင့် တစ်နှစ်တစ်ကြိမ်သာ တောထွင်ကြဟုဆိုသည်။

နယ်မြေအေးချမ်းသည့်ဒေသတွင် စက်သုံးဆီတစ်ဂါလံ နှစ်သောင်းကျပ်၊ နယ်မြေမအေးချမ်းသည့် ဒေသများတွင် စက်သုံးဆီတစ်ဂါလံကို သုံးသောင်းကျပ်ရှိပြီး ဝယ်ယူရခက်ခဲသည်ဟု ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူဒေသခံအချို့က ပြောသည်။
အချို့ဒေသတွင် ဥယျာဉ်တောထွင်ခ ဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်ကထက် ကျပ်ငါးထောင်ဈေးတက်လာပြီး အချို့ဒေသတွင် ကျပ်တစ်သောင်းဈေးတက်လာသည်။
အလုပ်သမားငှားရမ်းခနှင့် စက်သုံးဆီဈေးမြောက်နေသော်လည်း ကွမ်းသီးအနုဈေးမှာ တစ်ပိဿာ သုံးထောင်ကျော်၊ တစ်လုံးလျှင် ကျပ်နှစ်ဆယ်ကျော်သာရှိသဖြင့် ခြံရှင်များမှာ တွက်ခြေမကိုက် ဖြစ်နေသည်ဟု ဆိုကြသည်။
ပြီးခဲ့သည့်နှစ်က ကွမ်းသီးအနုတစ်လုံးကို ၁၂၀ ကျပ်အထိရရှိခဲ့ပြီး ကွမ်းသီးခြောက်မှာ တပိဿာကို နှစ်သောင်းခွဲကျပ်ခန့်အထိ ဈေးကောင်းရခဲ့သည်ဟု ဝကုန်းရွာက ကွမ်းသီးခြံပိုင်ရှင် အထက်ပါ အမျိုးသမီးက ဆိုသည်။
ဥယျာဉ်ခြံလုပ်ငန်းအပြင် အခြားကျပမ်းလုပ်ငန်းများမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားငှားရမ်းခများ ဈေးတက်လာသည်ဟု ဒေသခံအချို့က ပြောသည်။