BREAKING
June 13, 2025

အီရန်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်

June 13, 2025

အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အစ္စရေးနိုင်ငံက ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။

Rising Lion စစ်ဆင်ရေး အစိတ်အပိုင်းအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယား အဆောက်အအုံများအပါအဝင် စစ်ရေးပစ်မှတ်များကို အစ္စရေးဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ကြေညာသည်။

မြို့တော်တိုက်ခိုက်ခံရမှုကြောင့် အီရန်နိုင်ငံက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လေဆိပ်၊ ကျောင်းနှင့် ရုံးများကို ပိတ်ကာ ချက်ချင်းပြန်လည်တုံ့ပြန်ရန် ကြေညာထားသည်။

တိုက်ခိုက်မှုအတွက် အစ္စရေးဘက်က ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း ကြေညာလိုက်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်ထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်များ အပါအဝင် သေဆုံးမှုများရှိနေကြောင်း အီရန်ဘက်က ထုတ်ပြန်ထားသည်။ သို့သော်လည်း အသေးစိတ်အတည်ပြုချက်များ မရသေးကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်သော Hossein Salami သေဆုံးကြောင်း အီရန်သတင်းဌာနများဘက်က ဖော်ပြသည်။

တိုက်ခိုက်မှုထဲတွင် အမေရိကန်ပြည်ထောင်စုဘက်က ပါဝင်ပတ်သက်ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်သလို အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများ ပိုမိုတင်းမာလာတော့မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: BBC, AP