ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းအတွင်း ပျူစောထီးအင်အား ၆၀၀ ဝန်းကျင်အထိ စုဖွဲ့ထားပြီး အရန်အင်အားအဖြစ် သတ်မှတ်ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြည်သူ့စစ်ဟု စစ်ကောင်စီကခေါ်ဝေါ်သည့် ပျူစောထီးများကို ခရိုင်အလိုက်စုဖွဲ့ထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲခြင်းဖြစ်ကြောင်း Dawei Watch ၏ သတင်းအရင်းအမြစ်က ဆိုသည်။
တနင်္သာရီတိုင်းအတွင်း ထားဝယ်၊မြိတ်နှင့် ကော့သောင်းခရိုင်ရှိပြီး ခရိုင်တစ်ခုလျှင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၁၅၀ ဝန်းကျင်နှင့် လက်နက်တပ်ဆင်ထားခြင်းမရှိသည့် ပျူစောထီးဆယ်ချီရှိကြောင်း ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးရဲဘော်စတားကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် သင်တန်းဆင်းစတပ်သားသစ်များအပြင် ပျူစောထီးများကိုပါ တွေ့လာရသည်ဟု ဆိုသည်။
“အရင်ကဆို ပျူစောထီးတွေဆိုရင် ကိုယ့်ရဲ့နယ်မြေမှာပဲ ကာကွယ်ရေးလုပ်ဖို့(စကစ)ပြောတယ်။ အခုတော့ ရှေ့တန်းဖက်ပါ လိုက်နေရပြီ”ဟု ရဲဘော်စတားက ပြောသည်။
ထိုသို့ ပျူစောထီးများကို လက်နက်တပ်ဆင်ပြီးအသုံးချလာခြင်းမှာ စစ်ကောင်စီတပ်တွင် အင်အားပြုန်းတီး လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်မှုထမ်းအသစ်တွေ၊ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပြီး ရှေ့တန်းတိုက်ပွဲတွေကို တာဝန်ပေးစေလွတ်တာမျိုး ကျွန်တော်တို့ကတော့ ပိုကြိုက်တယ်လေ။သူတို့(စကစ)မှာ အဲလိုမလွှတ်ရင်လည်း လူမှ မရှိတော့တာ”ဟု ရဲဘော်စတားက ပြောသည်။
ထားဝယ်မြို့နှင့် မြိတ်မြို့တွင်လည်း မော်တော်ယာဉ်ဖမ်းဆီးချိန်နှင့် ကင်းလှည့်ချိန်များတွင် စစ်ကောင်စီတပ်သား အနည်းငယ်သာပါဝင်ပြီး ပျူစောထီးက အများဆုံးပါနေသည်ကို တွေ့ရကြောင်း မြို့ခံအချို့က ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ လှည့်ကင်းများနှင့် မော်တော်ယာဉ်ဖမ်းဆီးချိန်များတွင် လက်နက်ကိုင်စစ်ကောင်စီအဖွဲ့၌ ပျူစောထီး ၈၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်နေသည်ကို တွေ့ရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
ပျူစောထီးအများစုမှာ ထားဝယ်ခရိုင်အတွင်းနေထိုင်သည့်ဒေသခံများဖြစ်ပြီး ဗမာစကားပြောသော်လည်း ဒေသစကား ဝဲနေသည်ကိုတွေ့ရကြောင်း ၎င်းက ပြောသည်။
“ရပ်ကွက်တွေ ရွာတွေထဲက လေလွင့်နေတဲ့သူတွေနဲ့ ဆေးသမားတွေလည်းပါတယ်။လူငယ် လူလတ်ပိုင်းတွေက ပိုများတယ်”ဟု အထက်ပါမြို့ခံအမျိုးသားက ဆိုသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်းရှိ ပျူစောထီးများ မကြာခဏတိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ဧပြီလ ၁၂ ရက်နေ့တွင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းတစ်ခုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဧပြီလ ၁၆ ရက်နေ့တွင်လည်း ဘုတ်ပြင်းမြို့နယ် တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်သေဆုံးသွားပြီး သေနတ် ၁၀ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။