ဗီယက်နမ်နိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူညီချက်များရရှိရေး အမြန်ဆုံး ညှိနှိုင်းလက်မှတ်ရေးထိုးကြရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ရုရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံပူးတွဲထုတ်ပြန် ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်သည် ဗီယက်နမ်ခေါင်းဆောင် တိုလမ်၏ မော်စကိုခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုရှားနိုင်ငံက ရေနံကြမ်းနှင့် သဘာဝဓာတ်ငွေ့ရည်ကို ဗီယက်နမ်သို့ တင်ပို့ရေးအပါအဝင် နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ရုရှားနှင့် ဗီယက်နမ်အကြား တစ်နိုင်ငံက စွမ်းအင်ကုမ္ပဏီများ တစ်နိုင်ငံတွင် အပြန်အလှန် တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း အားပေးမြှင့်တင်သွားမည်ဖြစ်သည်။
အဏုမြူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် အဏုမြူနှင့် ရေဒီယိုသတ္တိကြွမှု လုံခြုံရေးစည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသွားမည် ဖြစ်ကြောင်း၊ ယင်းအဏုမြူဓာတ်အားပေးစက်ရုံများမှာ လူမှုစီးပွားဖွံ့ဖြို့တိုးတက်ရေး အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရပ်ဆိုင်းထားခဲ့သည့် အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအစီအစဉ်များကို ဗီယက်နမ်နိုင်ငံတွင် ပြန်လည်စတင်လာပြီ ဖြစ်သည်။
ဗီယက်နမ်၏ အလျင်အမြန်ကြီးထွားလာနေသော စီးပွားရေးကို ပံ့ပိုးပေးရန်အတွက် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လှုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် ဖြစ်ကြောင်း ဆိုသည်။
၆ ဒသမ ၄ ဂဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် အဏုမြူဓာတ်အားပေးစက်ရုံများကို ၂၀၃၀ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း စတင်လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဗီယက်နမ်အစိုးရက ယခင်က ထုတ်ပြောဖူးသည်။
အဏုမြူစွမ်းအင်စီမံကိန်းများနှင့် ပတ်သက်၍ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံခြားမိတ်ဖက်များနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
Source: Reuters