BREAKING
May 13, 2025

စမ်းလှမ်း ဒေသခံငါးဦးကို လောင်းလုံးပကဖ ဖမ်းဆီးစစ်ဆေး

May 13, 2025

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက ဒေသခံငါးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ယင်းတပ်ဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။

မေလ ၁၁ ရက် ညောင်ရေသွန်းပွဲတော်နေ့ နံနက်ပိုင်းတွင် စမ်းလှမ်းရွာသို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စမ်းလှမ်းရွာသားတစ်ဦးက ပြောသည်။

လာရောက်ဖမ်းဆီးစဉ်ကမူ ဖမ်းဆီးခံရသူ ငါးဦးထက်မနည်း ရှိသော်လည်း အချို့ကို စစ်ဆေးပြီး ချက်ချင်းပြန်လွှတ် ပေးခဲ့‌ကာ ငါးဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“ဘယ်အဖွဲ့က ဖမ်းတယ်။ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မမေးရဲဘူးလေ။ စစ်တပ်ကလာပြီး စစ်လား ဆေးလား လုပ်မှာစိုးလို့တောင် ကျွန်တော်တို့ ညောင်ရေသွန်းပွဲ သွားမလို့‌ လုပ်ထားတာတောင် မသွားဖြစ်တော့ဘူး” ဟု စမ်းလှမ်းဒေသခံက ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကမူ စမ်းလှမ်းဒေသခံငါးဦးကို ၎င်းတို့တပ်ဖွဲ့က ခေါ်ယူထားပြီး စစ်ဆေးမေးမြန်းနေကြောင်း အတည်ပြုဖြေကြားပြီး အသေးစိတ်ကိုမူ ပြောဆို၍ မရသေးဟု ဆိုသည်။

“လုံခြုံရေးကိစ္စရော၊ မူးယစ်ဆေးဝါးကိစ္စရောအားလုံးပါတယ်လို့တော့ ပြောရမယ်။ အသေးစိတ်ကိုတော့ ပြောလို့ မရသေး ဘူး။ စစ်ဆေးနေဆဲပဲ ရှိသေးတယ်လို့ပဲ ပြောရမယ်။ စစ်ဆေးပြီးမှ အားလုံးကိုပြောလို့ရမှာ” ဟု ကိုရှဲဒိုးက ပြောသည်။

စစ်ဆေးပြီးပါက အများပြည်သူသိစေရန် ထုတ်ပြန်အသိပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင် ဥပဒေစိုးမိုးရေးကိစ္စများ၊ အရပ်ဖက်ပြဿနာများကို ကိုင်တွယ်ရန်ဟုဆိုကာ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ကို ယခုနှစ် မတ်လအတွင်းကပင် ဖွဲ့စည်းထားသည်။