BREAKING
May 13, 2025

ဘုတ်ပြင်း ရေငံကြီးရွာတွင် အမျိုးသားတစ်ဦး ဆင်နင်းခံရ

May 13, 2025

ပုံစာ - မေလ ၁၂ ရက်က ဆင်နင်းခံရသူအား ဆေးရုံသို့ပို့ဆောင်နေစဥ် ။ ဓာတ်ပုံ - ဇမ္ဗူမေတ္တာ ကျန်းမာရေးကူညီမှုအသင်း။

ဘုတ်ပြင်းမြို့နယ် ၊ ရေငံကြီးရွာတွင် မေလ ၁၂ ရက် နံနက်က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဆင်နင်းခံရကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည် ။

ဥယျာဉ်ခြံအတွင်း သွားလာစဉ် ဆင်နင်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဆင်နင်းခံရတဲ့လူမှာ ပါလာတဲ့ခွေးက ဆင်ကိုအရင်တွေ့ပြီးသွားဟောင်တယ်။ သူက သူ့ခွေးကို ပြန်သွားခေါ်တော့ ဆင်က နှာမောင်းနဲ့ရိုက်ပြီး လဲကျသွားမှ တစ်ချက်တက်နင်းလိုက်တာပါ” ဟု ဆင်နင်းခံရသူအား ဆေးရုံပို့ပေးခဲ့သည့် ဇမ္ဗူမေတ္တာ ကျန်းမာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ဆင်နင်းခံရသဖြင့် လက်နှစ်ဖက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိထားပြီး ဘုတ်ပြင်းမြို့ရှိ တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ပြောဆိုသည်။

“ဒီမှာက တနင်္သာရီရိုးမကြီး တစ်လျှောက်လုံးဖြစ်နေတယ်။ ကားလမ်းမပေါ် ဆင်တွေတက်လာတာမျိုးလည်း ရှိတယ်။ လမ်းဘေးမှာ ဆင်နင်းခံရတာလည်းရှိတယ်။ ပြီးတော့ လူတွေက တောထဲသွားပြီး ထင်းခုတ် ခြံလုပ်သွားနေကြတော့ ဆင်တွေနဲ့တွေ့ပြီး မတော်တဆဖြစ်ကြတာမျိုးက များတယ်” ဟု ဘုတ်ပြင်းဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆင်နင်းခံရသည့် ဖြစ်စဥ် လေးခုထက်မနည်း ရှိခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအသင်များ ၏ မှတ်တမ်းများအရ သိရသည်။