ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဩစတြေးလျ ကြည်းတပ်ဦးစီးချုပ်အဖြစ် အမျိုးသမီးတစ်ဦးအား ပထမဆုံး ခန့်အပ်

April 13, 2026

နိုင်ငံ့သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုသမီးတစ်ဦးအား ကြည်းတပ်စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ဩစတြေးလျအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ဩစတြေးလျစစ်တပ်၏ ပူးတွဲစစ်ဘက်စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး ဆူဆန်ကွိုင်းလ်သည် လာမည့် ဇူလိုင်လတွင် ကြည်းတပ်ဦးစီးချုပ် ဖြစ်လာမည် ဖြစ်သည်။

သူမသည် လက်ရှိကြည်းတပ်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆိုင်မွန်စတူးဝပ်၏ နေရာတွင် အစားထိုး တာဝန်ယူသွားမည် ဖြစ်သည်။

“လာမယ့် ဇူလိုင်လကစပြီး ဩစတြေးလျကြည်းတပ်ရဲ့ ၁၂၅ နှစ်တာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးသော အမျိုးသမီး ကြည်းတပ်ဦးစီးချုပ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်” ဟု ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ထုတ်ပြန်ထားသည်။

ဆူဆန်ကွိုင်းလ်အား ဩစတြေးလျကြည်းတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အင်မတန် ထူးခြားသည့် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်ကလည်း တင်စားပြောဆိုခဲ့သည်။

ဩစတြေးလျစစ်တပ်အတွင်း အမျိုးသမီးအရာရှိဦးရေ တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ဆူဆန်ကွိုင်းလ်အား ကြည်းတပ်ဦးစီးချုပ်ခန့်အပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

တဖက်တွင်လည်း ဩစတြေးလျစစ်တပ်သည် စစ်တပ်အတွင်း စနစ်တကျ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် ခွဲခြားဆက်ဆံမှုစွပ်စွဲချက်များစွာနှင့် ရင်ဆိုင်နေရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဆူဆန်ကွိုင်းလ်သည် ၁၉၈၇ ခုနှစ်တွင် ဩစတြေးလျစစ်တပ်ထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး အဆင့်မြင့် ကွပ်ကဲမှုတာဝန်များစွာကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ဩစတြေးလျစစ်တပ်၌ အမျိုးသမီးဦးရေ ၂၁ ရာခိုင်နှုန်းခန့်ရှိပြီး အဆင့်မြင့် ခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီးဦးရေ ၁၈.၅ ရာခိုင်နှုန်း ရှိသည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် စစ်တပ်အတွင်း အမျိုးသမီး ပါဝင်မှု ၂၅ ရာခိုင်နှုန်းအထိရှိရန် ဩစတြေးလျစစ်တပ်က ရည်မှန်းချက်ချထားသည်။

Source: Reuters