အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဒေသများသို့ အဝင်အထွက်ပြုမည့် ရေကြောင်းသွားလာမှုအားလုံးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် စတင်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ရက်အတွင်း အီရန်စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများ သဘောတူညီချက် မရရှိဘဲ ပျက်ပြားသွားခဲ့ပြီးနောက် အမေရိကန်စစ်တပ်က ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် အမေရိကန်နှင့် အီရန်အကြား နှစ်ပတ်တာ ယာယီအပစ်ရပ်သဘောတူညီချက်မှာလည်း ပျက်ပြယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဒေသများသို့ အဝင်အထွက်ပြုမည့် ကမ္ဘာ့နိုင်ငံအားလုံးမှ သင်္ဘောများကို ဘက်လိုက်မှုမရှိဘဲ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။
အာရေဗျပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ရှိ အီရန်ဆိပ်ကမ်းများအားလုံးသည်လည်း အဆိုပါ ပိတ်ဆို့ခံရမှုတွင် အကျုံးဝင်မည်ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီး အီရန်ပိုင်မဟုတ်သည့် အခြားဆိပ်ကမ်းများသို့ သွားရောက်မည့် သင်္ဘောများကိုမူ အဟန့်အတားပြုမည်မဟုတ်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။
အီရန်နိုင်ငံသို့ ရေကြောင်းဖြတ်သန်းခ ပေးဆောင်ထားသည့် နိုင်ငံတကာရေပိုင်နက်အတွင်းရှိ သင်္ဘောမှန်သမျှကို အမေရိကန်တပ်ဖွဲ့များက ကြားဖြတ်တားဆီးသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ပြီးခဲ့သည့် စနေနေ့မှ တနင်္ဂနွေနေ့အထိ ပြုလုပ်ခဲ့သည်။ ယင်းမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အမေရိကန်နှင့် အီရန်အကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
၁၉၇၉ ခုနှစ် အီရန်အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း နှစ်နိုင်ငံအကြား အဆင့်မြင့်ဆုံး တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်သည်။
အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား ရက်သတ္တပတ်ခြောက်ပတ်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ရရှိခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ထွက်ပေါ်လာပြီးနောက် အစ္စလာမ္မာဘတ်ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Source: Reuters







