ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလိန်အောင် ရာဖူးရွာတွင် ရော်ဘာခြံလုပ်သား ငါးဦး မိုင်းနင်းမိ

April 13, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် ဧပြီလ ၁၁ ရက်က ရော်ဘာခြံလုပ်သား ငါးဦး မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပေါ်မှ ခြံအသုံးပြုရန် သွယ်တန်းထားသည့် ရေပိုက်လိုင်း ရေမလာ၍ ရေပိုက်သွားပြင်ကြစဉ် မိုင်းနင်းမိကြခြင်းဖြစ်သည်။

“ခြံက အလုပ်သမားတွေ ရေပိုက်သွားပြင်ရင်း နင်းမိကြတာ။ ယောက်ျားလေးတွေချည်းပဲ။ ငါးယောက်မှာ နှစ်ယောက်က ခြေထောက်တွေမှာ အတော်ထိတယ်။ ကျန်တဲ့ သုံးယောက်က သိပ်မများဘူး” ဟု ဒေသခံ ရော်ဘာခြံလုပ်သားတစ်ဦးက ပြောသည်။

အဆိုပါ အလုပ်သမားငါးဦးသည် စစ်အာဏာရှင်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦး ပိုင်သည့် ရော်ဘာခြံမှ ခြံလုပ်သားများ ဖြစ်ကြသည်။

ယင်းခြံတွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်ကလည်း စစ်အာဏာရှင်တပ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ရော်ဘာခြံလုပ်သား မိသားစုတစ်စုမှ သားအဖနှစ်ဦး သေဆုံးကာ သားအမိနှစ်ဦး ဒဏ်ရာရခဲ့သေးသည်။

ယခု ဧပြီလဆန်း ပထမပတ်တွင်လည်း ရာဖူးရွာအနီး သာယာမွန်ရွာမှ ဇနီးမောင်နှံနှစ်ဦး ဆိုင်ကယ်ဖြင့် ဥယျာဉ်ခြံအတွင်း သွားစဉ် မိုင်းနင်းမိခဲ့ပြီး ဆိုင်ကယ်ပျက်စီးကာ လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ် ၈ ပြည်ထောင်စုကားလမ်း၊ ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ မလွှဲတောင်-ကလိန်အောင်အပိုင်း ကျေးရွာများဖြစ်သည့် ရာဖူး၊ သာယာမွန်၊ လော့သိုင်း၊ မရမ်းချောင်း စသည့် ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကားလမ်းပိတ်ရသည့်အထိ နှစ်ဖက်စစ်ရေးအရှိန်မြင့်ခဲ့ပြီးနောက် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ ကျန်ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းကြောင့် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည့် မိုင်းဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

၂၀၂၅ ခုနှစ် ဩဂုတ်လနှောင်ပိုင်းမှစ၍ အထက်ပါကျေးရွာများတွင် မိုင်းနင်းမိသည့် ဖြစ်စဉ်လေးကြိမ်ရှိခဲ့ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး ခြေလက်အင်္ဂါဆုံးရှုံးရသူတစ်ဦး အပါအဝင် ဒဏ်ရာရခဲ့သူ ခြောက်ဦးထက်မနည်း ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

တနင်္သာရီတိုင်းတွင် မိုင်းနင်းမိသည့် ဖြစ်စဉ်များ ဆက်တိုက်ရှိနေပြီး ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလ ၆ လတာအတွင်း တနင်္သာရီတိုင်းရှိ မြို့နယ် ၅ မြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော Tide Information Unit (TIU) အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

ခြောက်လတာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ၂၂ ကြိမ်အထိ ရှိခဲ့ပြီး ၅ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

ယင်းအချက်အလက်များမှာ လက်လှမ်းမီသမျှ ကောက်ယူရရှိသည့် ဖြစ်စဉ်များကိုသာ ဖော်ပြခြင်းဖြစ်၍ မြေပြင်အခြေအနေတွင် ယင်းထက် ပိုမိုနိုင်ကြောင်း အဆိုပါ သုတေသနအဖွဲ့က ဆိုသည်။