ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီဘိုးဘိုးကြီး၏ ၂၀၂၆ သင်္ကြန်စာ

April 13, 2026

ပျော်ရွှင်စရာနတ္တိဖြင့် စစ်ဘေးစစ်ဒဏ်ကို စီးမျောရင်း နှစ်ဟောင်းကြွေကာ နှစ်သစ်သို့ ချည်းနင်းဝင်ရောက်လာပြီဖြစ်သည်။

ပြည်သူများမှာ မိုးထိနေသည့် ကုန်စျေးနှုန်းနောက် အမီပြေးလိုက်နေရသည့် နေ့ရက်များ၊ မျိုသိပ်ကျိတ်မှိတ်ပြီး ဗျာများခဲ့ရသည့် ဘဝများ၊ ပြာပုံဖြစ်သွားသည့် အိမ်ရာများ၊ မစုံလင်တော့သည့် မိသားစုများ၊ တောတောင်ထဲ ပုန်းအောင်းနေရသည့် နေ့ရက်များသာ ဖြတ်သန်းခဲ့ကြရသည်။

နှစ်သစ်တွင်လည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အပူလုံးကြွပြီး လောကဓံလှိုင်းတံပိုးထန်မည့် ကာလကို ဖြတ်သန်းကြရဦးမည့် အချိန်သမယဖြစ်သည်။

နှစ်သစ်နှင့်အတူ ပေါ်လာသည့် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတအမည်ခံ ဘောင်းဘီချွတ်စစ်အစိုးရအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိ ဗွေဆော်ဦး ပျားရည်ဆမ်းကာလဖြစ်သည်။

တနင်္သာရီဘိုးဘိုးကြီးသည် ကျည်ကာဝတ်ရုံတော်ခြုံလျက် တိုက်လေယာဉ်ပျံစီးကာ ညာဘက်လက်က မီးတုတ်ကိုင်ပြီး ဘယ်ဘက်လက်က ဒရုန်းကွန်ထရိုးကိုင်လျက် ဆင်းအံ့။

နိုင်ငံတကာအစိုးရမင်းများ အလိုရှိနေသည့် ဗြဟ္မာမင်းဦးခေါင်းကို စစ်ရုံးစောင့်နတ်သမီးက ကမ်းသည်ရှိသော် အစိမ်းရောင်ဝတ်ရုံလွှမ်းထားသည့် လွှတ်တော်စောင့်နတ်သမီးက ခရီးဦးကြိုဆို၍ ပုဆစ်တုတ်လျက် လှမ်းလင့်၏။

နိုင်ငံရေး

ပြည်သူနှင့် စည်းတစ်ဖက်ခြားနေသည့် ခါတော်မီချာပါတီ ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော်အတွင်း ရောက်တတ်ရာရာ ငြင်းခုံအတင်းတုပ်အံ့။

ပြည်သူ့ကိုယ်စားလှယ်ဆိုသည့် အရောင်ပြောင်း ဝန်ကြီးဝန်လေး အမတ်မင်းတို့ တစ်ချက်လွှတ်အမိန့် ပိုကျင့်သုံးလတ္တံ့။

‘အဘ’ ခေါ်သံ ဘဝဂ်တိုင်ညံပြီး နေရာအနှံ့ ဖားအော်သံထွက်အံ့။

မဟာသမ္မတမင်းကြီး၏ စီမံမှုဖြင့် ကျေးလက်မြို့ရွာများ ပြာပုံအဖြစ် အသွင်ပိုပြောင်းလတ္တံ့။

ဗိုလ်ပြုတ်အပေါင်း ဦးဆောင်သည့် တိုက်ပုံအဖြူနှင့် စစ်ဘောင်းဘီဝတ်ထားသည့် ကက်ဘိနက်အဖွဲ့ လက်ဝါးရိုက်ကန်ထရိုက်တာ အလုပ်များ သူရသင့် ငါရသင့်ဆိုပြီး ငြူစူကြလတ္တံ့။

ဗျူရိုကရက်အပေါင်း ဘုန်းတန်ခိုးကြီးသထက်ကြီးလာပြီး လာဘ်လာဘပွင့်အံ့။

ယခုကာလသည် စောရနက္ခတ် ကြီးစိုးသည့်ကာလ ဖြစ်သည့်အတွက် လိုင်စင်ရသူခိုးသူဝှက် ပေါများမည့်နှစ်ဖြစ်သည်။

လက်နက်ကိုင်များ တန်ခိုးပိုထွားလာပြီး နိုင်ထက်ကလူ ပိုလုပ်အံ့။ ငွေညှစ်ထုတ်သည့် စစ်ဆေးရေးဂိတ် ပိုများလာလတ္တံ့။

အတိုက်အခံများ စုစည်းမှုအားကောင်းလာသော်လည်း အငြင်းအခုံများပြီး ရှေ့ဆက်ရခက်နေအံ့။ အပြောများပြီး အလုပ်နည်းနေလတ္တံ့။ ပြည်သူများ အားမလိုအားမရဖြစ်ပြီး အန်ထွက်အံ့။

အချုပ်ဆိုရသော် ဘာကောင်ကြီး.. ညာကောင်ကြီး ခေတ်ပြန်ရောက်ပြီး ကျောမွဲများ ဖိနှိပ်ခံရအံ့။

စီးပွားရေး

မင်းကပ်စိုးမြှောင် ကပ်ပါးကောင်များ ငွေတွင်းပိုတိမ်ပြီး ဝင်ငွေရွှင်အံ့။ ကျောမွဲများ ကုန်းကောက်စရာမရှိ ဖြစ်လတ္တံ့။

စာရွက်ပေါ်တွင် စီးပွားတက်ပြီး မြေပြင်တွင် ဇောက်ထိုးဖြစ်အံ့။

ယာဉ်ထိန်းရဲကြီးနှင့် ငပျူများ ချွေးမထွက်ဘဲ စီးပွားတက်မည့်နှစ်ဖြစ်တာကြောင့်မြို့ပေါ်ရွှေဆိုင်များတွင် တပ်မိသားစု၊ ရဲမိသားစုများ အားပေးမှု ပိုလတ္တံ့။

ပြည်သူအများ အလုပ်လက်မဲ့နှုန်း ဆပွားတိုးလတ္တံ့။ ဆန်ရေစပါး ရှားပါးပြီး ငတ်မွတ်ခေါင်းပါးအံ့။ တောင်သူများ အရင်းမကျေ လက်မှိုင်ချရအံ့။ သွင်းကုန်ပစ္စည်းများ မှောင်ခိုပစ္စည်းစာရင်းဝင်ပြီး ပိုရှားပါး စျေးတက်အံ့။

ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ ဝဥ စသည့် ဥယျာဉ်ခြံထွက်များ ရင်းထားသမျှ အမြတ်မရအံ့။ ငါးဖမ်းလှေများ ကမ်းစပ်တွင် စုပြုံရပ်ထားရလတ္တံ့။

စားသောက်ရေး မီးဖိုချောင်ပစ္စည်းစျေး မိုးထိပြီး မီးခိုတိတ်လတ္တံ့။

လျှပ်စစ်ကား၊ ဆိုင်ကယ် အရောင်းသွက်ပြီး သမ္မတမင်း၏သားတော် စီးပွားဖြစ်အံ့။

အိမ်ခြံမြေစျေး ခေါင်ခိုက်လတ္တံ့။ လမ်းဘေးဝဲယာတစ်လျှောက် ပိတ်ထားသည့် ဆိုင်ခန်းများ ပိုမြင်ရလတ္တံ့။

အချုပ်ဆိုရသော် ဘောလောင်းသည့် ပြည်သူများ ထောင်နန်းစံရနိုင်သော်လည်း ဘောမသူတို့ စီးပွားဖြစ်မည့် ကာလရောက်လတ္တံ့။

လူမှုရေး

ဘုန်းကြီး၊ ရဟန်းများ တပ်ရင်းဌာနချုပ်များထံ သက်ပျောက်ဆွမ်းစား မကြာခဏ ကြွရလတ္တံ့။ တပ်စခန်းများအတွင်းမှ အန္တရာယ်ကင်းပရိတ်တရားသံများ ထုံပျံ့အံ့။

မြို့ပြဒေသရှိ တန်းလျားများ၊ အိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် နေရပ်စွန့်ခွာသူများဖြင့် စည်ကားမြဲစည်ကားအံ့။

ရပ်ကျေးဆယ်အိမ်မှူးကအစ ဗျူရိုကရက်များ တန်ခိုးထွားအံ့။ မြို့အဝင်တံတားများ၊ ဂိတ်များတွင် ပြည်သူအများ ပိုရင်ခုန်ရလတ္တံ့။

ဆိုင်ကယ်နှင့် ကားများ နေအိမ်တွင်ပင် ချောင်ထိုးထားရလတ္တံ့။ စက်ဘီးများ၊ လျှပ်စစ်ဆိုင်ကယ်များ အရောင်းသွက်အံ့။

ဘောလုံးများကြောင့် ပွဲစားနှင့် လက်နက်ကိုင်များ လက်ဖျားငွေသီးမြဲ သီးအံ့။ ခွဲကွာနေရသည့် ချစ်သူ ပိုများလတ္တံ့။ ရပ်ရွာအတွင်း လူငယ်များ ရှားပါးအံ့။

ဖုန်းမှန်သားပြင်တွင် စိတ်အမှိုက်များဖြင့် ပြည့်လျှံအံ့။ စကားများရန်ဖြစ်ချိန်တွင် တုတ်ဓားအစား သေနတ်ဖြင့် ဖြေရှင်းလတ္တံ့။ လမ်းထွက်ချိန်တွင် ကျီးကန်းတောင်းမှောက် ပိုဖြစ်အံ့။

ပညာရေး

ကျေးလက်ဒေသတွင် ပျောက်ကွယ်နေသည့် အဖြူအစိမ်းဝတ်များ ပိုတွေ့လာလတ္တံ့။ ဘော်ဒါကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ စီးပွားဖြစ်အံ့။

မှန်သားပြင်ပညာရေး ပိုဖွံ့ဖြိုးလတ္တံ့။ နိုင်ငံခြားရှိ တက္ကသိုလ်နှင့် ကျောင်းများတွင် မြန်မာများ ပိုစည်ကားအံ့။

မြို့ပြကျောင်းများတွင် အထူးလေ့ကျင့်ထားသည့် လျှို့ဝှက်အေးဂျင့်ကျောင်းသား ပိုများလတ္တံ့။

ပစ္စတိုနှင့် ဂျီသရီးကိုင်၊ ကာဘိုင်ကို အချိန်ပိုင်းကိုင်သည့် ကျောင်းသား လျော့နည်းလာသော်လည်း ဆက်ရှိနေမည်ဖြစ်သည်။

အချုပ်ဆိုရသော် တောင်ပိုင်းသားများ အထုပ်အပိုး ကြိုပြင်ထားရကိန်းမြင်သည်။ မည်းမည်းမြင်ရာ ‘အဘ’၊ ‘ဆရာ’ ခေါ်ရမည့် ဇာတာ အားကောင်းနေသည့်နှစ်ဖြစ်သည်။

ယခုနှစ် လူ့ပြည်တွင် သေနတ်ကျည်များ၊ ဗုံးဆန်၊ အမြောက်ဆန်များကြောင့် တနင်္သာရီဘိုးဘိုးကြီးသည် သမ္ဗုဒ္ဓေဂါထာကို အနုလုံပဋိလုံ ရွတ်ဖတ်ရမည့်နှစ်ဖြစ်သည်။

တနင်္သာရီဘိုးဘိုးကြီး

No related posts found.