ကျွန်တော် တို့ ငယ်ငယ်က မြန်မာဖတ်စာမှာ မိခင်သောကဆိုတဲ့ မြန်မာစကားပြေတစ်ပုဒ် သင်ခဲ့ရဖူးတယ်။
အဲဒီစကားပြေရဲ့ အနှစ်ချုပ်ကတော့ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားနဲ့သမီးကို ကိုယ်မသိဘဲ ကိုယ့်ချစ်လင်က အနှိပ်စက်ကြမ်းတဲ့ ပုဏ္ဏားဆိုးကြီးဆီကို ရက်ရက်ရောရော ပေးပစ်လိုက်လို့ ခံစားရတဲ့မိခင်တစ်ယောက်ရဲ့ သောကပေါ့။
မင်းဘူးဆရာတော် ဦးသြဘာသ ပြုစုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဝေဿန္တရာဇာတ်တော်ကြီးရဲ့ မဒ္ဒီပဗ္ဗ အခန်းကနေ ကောက်နုတ်ချက် အခြေခံပြီး ရေးထားတဲ့စကားပြေပါ။ အဲဒီတုန်းကတော့ မိခင်သောက စကားပြေ မှာ မိခင်တစ်ယောက်ရဲ့ သောကကို သာမန်ကာလျှံကာတောင် မခံစားနိုင်ဘဲ ကိုယ့်သောကနဲ့ကိုယ် စာပိုဒ်ကြီးတွေ ကျက်ခဲ့ရတာပေါ့။
ကိုယ်တိုင် ကြုံရတဲ့မိခင်သောကကတော့ ဆိုင်ကယ်အတွက် ဓာတ်ဆီတန်းစီရင်း တွေ့ခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ သောကပေါ့။
အရှေ့အလယ်ပိုင်း စစ်မီးဂယက် လောင်စာဆီအခက်အခဲကြောင့် တစ်ကမ္ဘာလုံး ဆီအခက်အခဲကို ကြုံနေရတဲ့အထဲ ကျွန်တော်တို့ နယ်မြို့လေးလည်း ဆီတန်းစီရတာပါပဲ။
ဧပြီ မနက်ခင်းတစ်ခု မှာလက်တွေ့ကြုံခဲ့ရတဲ့ သောကရှင်အမေကြီးကတော့ ကျွန်တော် တို့နိုင်ငံကြီးမှာ သောကပင်လယ်ဝေနေတဲ့ လူတွေ အများကြီးတွေထဲက တစ်ယောက်ဆိုပါတော့။ ကျွန်တော် တို့မြို့လေးက စက်သုံးဆီဆိုင်ကြီးတွေမှာ မနက်ဆို ၆ နာရီခွဲကနေ ၁၀နာရီအထိ မော်တော်ဆိုင်ကယ်တွေ ဆီစဖြည့်ပေးမယ်လို့ ကြေညာထားတယ်။
ကျွန်တော်တို့မြို့က လူတွေကလည်း ဝီရိယကောင်းကြတယ်။ မနက်စောစော ၂ နာရီခွဲဆို တစ်မိုင်ခွဲလောက်ဆိုင်ကယ်တန်းရှည်ကြီး ကို စပြီး တန်းစီပြီးနေပါပြီ။ နောက်လာတဲ့သူက အနောက်ကနေ ဝင်တန်းစီရတဲ့စနစ်နဲ့ဒီဆိုင်ကယ်တန်းကြီးနောက်က ဝင်တန်းစီရပါတယ်။
ကျွန်တော် ရဲ့ ဝီရိယကတော့ မနက် ၅ နာရီမှ အလုပ်စလုပ်တယ်။ ၅ နာရီခွဲမှာ စတန်းစီတယ်။
တန်းစီဖို့အတွက် ရိက္ခာ ဝတ်စုံ အပြည့်အစုံ အနေနဲ့ မုန့်၊ ရေဘူး၊ ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည် စသဖြင့် လိုအပ်တဲ့ဟာ အပြည့်အစုံနဲ့ သွားတန်းစီတာပေါ့။
အိမ်သာကိုလည်း တန်းသွားမစီခင် တစ်ခါတည်း ကိုယ့်ကိစ္စ ကိုယ့်အိမ်မှာကတည်းက ပြီးအောင် လုပ်သွားရတယ်။ ကျွန်တော် တို့ တန်းစီနေရင်း နှင်းမှုန်လေးတွေပျောက်ကွယ်ပြီးစ မနက်၇နာရီလောက်မှာ အသက်၅၀ ကျော် အရွယ် အမေကြီးတစ်ယောက် ကပျာကယာနဲ့ အမောဆို့ပြီးပြေးလာတယ်။
သူ့မျက်နှာ တစ်ခုလုံးလည်း အဆီတွေ တဝင်းဝင်း နဲ့ သူရဲ့ မျက်လုံးအိမ်မှာလည်း မျက်ရည်တွေနဲ့ ပြည့်နေပါတယ်။
ပါးစပ်ကလည်း ” ငါ့သားလေး …. ငါ့သားလေး ” ဆိုပြီး အော်ခေါ်ပြီး တစ်စုံတစ်ယောက်ကို သူရှာနေပါတယ် ။
အမေကြီးက ပေါင် ၁၅၀ ကျော်လောက်ရှိတဲ့ ခန္ဓာကိုယ် ခပ်ဝဝ နဲ့ တစ်မိုင်ကျော်တဲ့ ဆိုင်ကယ်တန်းကြီးနံဘေးကနေ အရှေ့ပြေးလိုက် အနောက်ပြေးလိုက်နဲ့ ပြေးလွှားရင်းရှာဖွေနေတာပါ ။
ဒူးကလည်း ယိုင်နဲ့နဲ့ နဲ့ သူရဲ့ဆိုင်ကယ်တန်း အရှေ့အနောက်ကို သွားနေတဲ့ အမြန်နှုန်းကတော့ အတော်လေးမြန်ပါတယ်။
ကျွန်တော် တို့ကလည်း ဘာပါလိမ့် ဆိုပြီး စပ်စုရင်း စိတ်ပူရင်း သူ့ကို ကြည့်နေမိပါတယ်။ ကျွန်တော် နဲ့ အတူတူစောင့်နေတဲ့ အနီးအနားကလူတွေလည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။
အဲဒီအမေကြီးကပဲ ဓာတ်ဆီတန်းစီနေရင်း ကောင်လေးသုံးယောက် အဆွဲခံရတဲ့အကြောင်း၊ ကျွန်မသားလေးလည်း ပါသွားပြီဆိုတဲ့အကြောင်း စပြောပါတော့တယ်။
သူပြောတဲ့အဆွဲခံရတယ်ဆိုတာက စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာကို ပြောတာပါ ။ ကျွန်တော်တို့မြို့မှာက လကုန်အပတ်နဲ့ လဆန်းအပတ် ရက်သတ္တပတ် တွေမှာ မြို့အဝင် အထွက် ဂိတ်တွေမှာ ပေါ်တာဆွဲတာက ထုံးစံပါ။
အမေကြီး က မြို့နဲ့ငါးမိုင်လောက်ဝေးတဲ့ရွာကနေ မြို့အဝင်အထွက် ဂိတ်တစ်ခု ကို ဖြတ်ပြီး သားဖြစ်သူကို လာရှာတာလို့ သူက ဆက်ပြောရှာပါတယ်။ ကျွန်တော် တို့လည်း ဆိုင်ကယ်ဆီ ဆက်မတန်းစီဘဲ လှည့်ပြေးရမလား၊ ထွက်ပြေးရတော့မလားပေါ့။ ကျနော်တို့ အားလုံးလည်း တန်းစီထားတဲ့ ဆိုင်ကယ်တွေကိုယ်စီ ပေါ်ကနေ ဆင်းလို့မရသလို ဘာမှလည်းမလုပ်ပေးနိုင်ကြဘူး။
သူ့ကို ကူညီပေးဖို့ ဆင်းလိုက်ရင်လည်း ကိုယ့်ဆိုင်ကယ်အလှည့်ကျော်ပြီး နောက်ဆုံးကနေပြန်စီးရမှာမို့ ဓာတ်ဆီ ရဖို့ မရဖို့ဆိုတာက ကျိန်းသေတွက်လို့မရတော့ပါဘူး။ တောင်မင်း မြောက်မင်း မကယ်နိုင်ဆိုတဲ့ အခြေအနေပါ။
ခဏလောက်ကြာတော့ ခုနက အမေကြီးပဲ ကျွန်တော် တို့အနားကို ပြန်ရောက်လာပြန်တယ်။ အခုတစ်ခေါက်ကတော့ သူ့သားကို ကြိမ်းမောင်းတဲ့ အသံ တွေနဲ့ပေါ့။ ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့သားလေးကို သူကြိမ်းမောင်း နေတာပါ။
သူပြုံးပြီး ကြိမ်းမောင်းနေနိုင်တာက ဆီတန်းစီနေတဲ့လူအုပ်ထဲ သူ့သားကို သူပြန်ရှာတွေ့သွားတာကြောင့်ပါ ။
ခုနက အဆွဲခံရတယ်ဆိုပြီး အမေကြီး ပြောတဲ့ကောင်လေးသုံးယောက်အကြောင်းကတော့ ဒီလူအုပ်ကြီးထဲ ဘယ်သူမှ တိတိကျကျ မသိကြရတော့ပါဘူး။ သူ့သားလေးက ဓာတ်ဆီရှားပါးရတဲ့အထဲ ဆိုင်ကယ်ခဏခဏယူစီးတော့ ဓာတ်ဆီတန်းစီရတာ ဘယ်လောက်ပင်ပန်းလဲ သိစေချင်လို့ မှတ်လောက်သားလောက်ဖြစ်အောင် ဒီတစ်ရက်လေး ဆီတန်းစီဖို့လွှတ်လိုက်တဲ့အကြောင်း ကို နံဘေးကလူတွေကို ပြန်ပြောင်းပြောပြနေပါတယ်။ အဲဒါနဲ့ စစ်မှုထမ်းအဆွဲခံလိုက်ရတယ် ကြားပြီး သူ့သားပါသွားပြီ ထင်ပြီး အမောသကော နဲ့ သောက တက်နေခဲ့တာပါ။
အခုတော့ သူသားမှတ်လောက်သားလောက်အောင် ဖြစ်မဖြစ်တော့ မသိဘူး။ အမေကိုယ်တိုင် မှတ်လောက်သားလောက်ဖြစ်သွားပါပြီဆိုပြီး ချွေးသံတရွှဲရွှဲနဲ့ အားရပါးရကြီး ပြောနေခဲ့ပါတယ်။
ငါပင်ပန်းရင် ပင်ပန်းပါစေ။ ငါ့ဘာသာပဲ တန်းစီတော့မယ်လို့ နောင်တရသလိုလိုနဲ့ အမောဖြေရင်း ပြောနေရှာပါတယ်။
အမေကြီးကလည်း သူ့သားလေးကို တန်းစီနေရာက ဖယ်ခိုင်းလိုက်ပြီး သူ့သားတန်းစီခဲ့တဲ့ ဆိုင်ကယ် နေရာမှာ ဝင်တန်းစီလိုက်ပါတယ်။
သားသည် အမေတွေအတွက် ဆီတိုးသောကက တစ်ဖုံ၊ စစ်မှုထမ်းသောကက တစ်မျိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်နေ့အဖို့ အမေကြီးရဲ့သောကကတော့ ပြေပျောက်သွားပြီပေါ့။ ဘေးနားကလူတွေလည်း ဓာတ်ဆီရလို့ ပြုံးပြီး ကတ္တရာလမ်းပေါ်မှာ ကိုယ့်စီးတော်ယာဥ်ကိုယ်စီနဲ့ကိုယ် လှော်ခတ်ရင်း ရှင်သန်ရုန်းကန်ဖို့ ခရီးဆက်ဖို့ပြင်နေကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ဆီဝယ်ရသွားတာကိုက ပျော်နေရတဲ့ ခေတ်။
ကျွန်တော် လည်း ဓာတ်ဆီရရင် အိမ်တန်းပြန်ရမယ်။ အိမ်ကအမေကြီးလည်း သောကတွေ ရှိနေရောပေါ့။
ကျွန်တော် တို့မြို့လေးက အမေကြီးတွေရော၊ အနယ်နယ် အရပ်ရပ်က အမေကြီးတွေရော ခေတ်သစ် မိခင်သောကတွေ လျော့ပါးကြပါစေ။
ရေသာမန်







