ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း-မြန်မာနယ်စပ် KNLA ဘောဓိဂိတ်ကို KTLA ဆာကဆောတပ်မ ဝင်ရောက်တိုက်ခိုက်မီးရှို့ဟု KNUဆို

March 13, 2026

ပုံစာ - ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့

ထိုင်း-မြန်မာနယ်စပ်ရှိ KNLA တပ်ဖွဲ့၏ ဘောဓိနယ်စပ်ဂိတ်ကို KTLA က ဆာကဆောတပ်မက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီး (ခ) ကော်လဖိုး ဦးဆောင်သည့် တပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ထီးမိုပွာဒေသ ဘောဓိ-အမိုနယ်စပ်လုံခြုံရေးဂိတ်ကို ယနေ့ မတ်လ ၁၃ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ (ထိခိုက်သေဆုံးမှု) မရှိဘူး။ သူတို့ဘက်က (ထိခိုက်တာရှိမရှိ) လည်း ကျွန်တော်တို့ အသေးစိတ် မသိသေးဘူး” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆာကဆောတပ်မမှူး ဗိုလ်အယ်ခွီးကို Dawei Watch က Facebook လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

မတ်လ ၃ ရက်ကလည်း KTLA ဆာကဆောတပ်မက KNU တပ်မဟာ (၄) ၊ KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များကို ဖောင်းတောရွာနှင့် ပျားသားချောင်းရွာကြားတွင် တိုက်ခိုက်ခဲ့သဖြင့် KNU/KNLA တပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ယင်းနောက် KNU/KNLA က နယ်မြေရှင်းလင်းရေးလုပ်ရာ ဖောင်းတောရွာနှင့် မေတ္တာမြို့ကြားရှိ ကျောက်တွင်း ရွာဘက်တွင် မတ်လ ၆ ရက်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း KNU ထံမှ သိရသည်။

အဆိုပါနေ့တွင်ပင် ပျားသားချောင်းနှင့် မောင်းမထူးကျေးရွာကြားက တောင်ပေါ်မှာ လမ်းပြင်နေသည့် KNU အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် KNLA တပ်ရင်း-၁၂ တပ်ဖွဲ့ဝင် ၂ ဦးကို KTLA ဗိုလ်အယ်ခွီးတပ်ဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း KNU က ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့်ပက်သက်၍လည်း Dawei Watch က KTLA ဆာကဆောတပ်မ၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်မေးမြန်းထားရာ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။