ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝင်းဝစခန်းအနီးဝန်းကျင်ရှိ ရွာနှစ်ရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ

March 13, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်းက ဝင်းကဖော်ရွာနှင့် ဂုံညှင်းဆိပ်ရွာတွေကို စစ်အာဏာရှင်တပ်က မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNLA တပ်ရင်း (၂၇) နှင့် စစ်ရေးသတင်းအမြစ်အချို့ထံမှ သိရသည်။

သရက်ချောင်းမြို့နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်၏ တစ်ခုတည်း ကျန်ရှိသည့် ဝင်းဝစခန်းကိုKNLA နှင့် တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် အနီးဝန်းကျင်ကျေးရွာများကို စစ်အာဏာရှင်တပ်က ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

မတ်လ ၁၂ ရက် နံနက် ၁၀ နာရီကျော်နှင့် မွန်းလွဲပိုင်း ၁ နာရီခွဲကျော်တွင် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ဂုံညှင်းဆိပ်ရွာကို K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဂုံညှင်းဆိပ်ကျေးရွာသည် ဝင်းဝကျေးရွာနှင့် အဖြောင့်တိုင်းလျှင် လေးမိုင်နီးပါးအကွာတွင် တည်ရှိသည်။

ဂုံညှင်းဆိပ်ရွာ ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး စောမှူးဂေက ဆိုသည်။

ဝင်းဝစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ မတ်လ ၁၂ ရက်က ဂုံညှင်းဆိပ်ဘက်မှ ပင်လယ်ဘက်သို့ ထွက်ပြေးချိန် ထိတွေ့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ယနေ့ မတ်လ ၁၃ ရက်တွင် ရေလမ်းကနေ ထွက်ပြေးသွားကြောင်း၎င်းက ဆိုသည်။

“အခု ဒီနေ့က (တိုက်ပွဲ) ငြိမ်နေတာပေါ့။ ဒီနေ့က သူတို့က ရေကြောင်းနဲ့ ထွက်ပြေးသွားတာ ငြိမ်နေတာပေါ့။ (ဂုံညှင်းဆိပ်ဘက်မှာ) မရှိတော့ဘူး။ ပင်လယ်နားကိုသူတို့ ပြန်ပြေးသွားတယ်။ သူတို့ကို အမြဲတမ်းလာကြိုနေတဲ့နေရာပေါ့” ဟု ဗိုလ်မှူးစောမှူးဂေက ဆိုသည်။

ယနေ့ မတ်လ ၁၃ ရက် မွန်းလွဲ ၁နာရီခန့်တွင်မူ တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ဝင်းကဖော်ကျေးရွာကို K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း အထက်ဖော်ပြပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ဝင်းကဖော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရကြောင်း ၎င်းက ဆိုသည်။

ဝင်းကဖော်ကျေးရွာမှာ ဝင်းဝကျေးရွာနှင့် အဖြောင့်တိုင်းလျှင် ခုနစ်မိုင်နီးပါး အကွာတွင် တည်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂)၊ တပ်မဟာ(၆)၊ KNLAတပ်ရင်း(၂၇)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်တို့က ဝင်းဝစခန်းကို မတ်လ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းယူထားသည်။

စစ်အာဏာရှင်တပ်အနေဖြင့် ဝင်းဝစခန်းကို လက်လွှတ်လိုက်ရသည့်အတွက် ယင်းစခန်းနှင့် အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများ ရှိလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန် လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက ဆိုသည်။

“ဝင်းဝစခန်းတဝိုက်မှာရှိတဲ့ အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိကြီးကြီးထားကြဖို့လိုမယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကလည်း နိုင်သလောက် သတင်းပေးမယ်။ ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန် သတင်းတွေရတာနဲ့ ရရချင်းပဲ ဗုံးခိုကျင်းတွေမှာဝင်ပြီးတော့ နေထိုင်ကြဖို့ လိုမယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ဝင်းဝစခန်း မကျရေး ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေသည့်ကြားက စခန်းကိုလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။