ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းကလေးငယ်များအားလုံး ပညာ အခမဲ့သင်ယူခွင့်ကို ကန့်ကွက်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသည့် ထိုင်းမျိုးချစ်အဖွဲ့က ကြေညာထားပြီး လက်မှတ်ပေါင်း ရှစ်သောင်းခွဲကျော်ကို စုဆောင်းပြီးဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများသာ ပထမဦးစားပေးဖြစ်သင့်ပြီး ထိုင်းကလေးငယ်များလည်း ပထမဦးစားပေး ပညာသင်ယူခွင့် ရရှိမှသာ အခွင့်အရေး အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း ထိုင်းမျိုးချစ်အဖွဲ့က ကြွေးကြော်သည်။
လက်ရှိ စာသင်ကျောင်းများတွင် ထိုင်းကလေးငယ်များပင်လျှင် ပညာရေးဆိုင်ရာ အခွင့်အရေး အပြည့်အဝ မရရှိသဖြင့် ရွှေ့ပြောင်းကလေးငယ်များကို အခမဲ့ ပညာသင်ယူခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း မျိုးချစ်အဖွဲ့က ထုတ်ပြန်သည်။
ပြည်သူများထံမှလည်း ကန့်ကွက်ကြောင်း လက်မှတ်များကို စတင်စုဆောင်းနေခဲ့ပြီး မတ်လ ၁၂ ရက်တွင် လက်မှတ်ပေါင်း ၈၅၀၀၀ ကျော်ကို ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။
မတ်လ ၁၇ ရက်တွင် စုဆောင်းထားသော အဆိုပါ လက်မှတ်ရှစ်သောင်းခွဲကျော်ကို ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းမည်ဖြစ်ကြောင်း မျိုးချစ်အဖွဲ့က ထုတ်ပြန်ထားသည်။
မျိုးချစ်အဖွဲ့ဝင်များနှင့် ပြည်သူများကလည်း ထိုင်းပြည်သူနှင့် ကလေးငယ်များကို ပထမဦးစားပေးရေး ပညာရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံထဲတွင် ကလေးငယ်တိုင်း ပညာသင်ယူခွင့်ရှိသည့် ဥပဒေမှာ ယခင်ကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံသားတစ်ဦးက ပြောသည်။
“Education for all ဆိုတာက ထိုင်းမှာ အရင်တည်းက ပြဋ္ဌာန်းထားပြီးသား။ မြန်မာလူမျိုးရေးကို အခြေခံပြီး ကန့်ကွက် နေကြတာက အရင်နှစ်တွေကတည်းက ဆက်တိုက်ဖြစ်လာတာ။ အခုက ကလေးငယ်တွေရဲ့ ပညာရေးအထိ ရောက်လာတယ်ဆိုတဲ့သဘောပဲ” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၃၀ ရက်က ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကလေးငယ်အားလုံးသည် တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သည်ဖြစ်စေ ကျောင်းအပ်နိုင်၍ ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းဘုရင်က လက်မှတ်ထိုး ပြဋ္ဌာန်းထားသည်။







