ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်လေတပ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

March 13, 2026

မြိတ်မြို့ရှိ စစ်အာဏာရှင်လေတပ်စခန်းကို တော်လှန်ရေးတပ်များက မတ်လ ၁၂ ရက်ညတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများထံမှ သိရသည်။

မတ်လ ၁၂ ရက် ည ၈နာရီတွင် တစ်ကြိမ်၊ ယနေ့ မတ်လ ၁၃ ရက် နံနက် ၁နာရီတွင် တစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တစ်ကြိမ်ကို နှစ်လုံးချတယ်။ တစ်လုံးက လေတပ်ထဲကျတယ်။ ကျန်တာတွေက စစ်ဆေးရုံနားကို ကျတယ်။ ညဘက်ဆိုတော့ ထိခိုက်မှု မမြင်ရဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ဆေးရုံမှာ လေတပ်စခန်း၏ လမ်းတစ်ဖက်တွင် တည်ရှိသည်။

ဗုန်းချတိုက်ခိုက်ခံရချိန် လေတပ်အနီးတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ညဘက် အသံတွေကြားနေရတာ ရင်တွေတုန်တယ်။ ပေါက်ကွဲသံတွေ တော်တော်ကျယ်တယ်။ ညဦးဘက်နဲ့ ညနက်ဘက်တွေ ကြားရတယ်” ဟု အထက်ပါမြို့ခံက ပြောသည်။

ယနေ့ မတ်လ ၁၃ရက်တွင် လေတပ်လမ်းကို စစ်အာဏာရှင်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုတွင် ထိခိုက်မှု အခြေအနေများကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။