ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် စက်သုံးဆီဈေး ဆက်တိုက်တက်

March 13, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်တွင် မတ်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း စက်သုံးဆီရည်ညွှန်းဈေးများ ဆက်တိုက်တက်လျက်ရှိပြီး ပြင်ပစက်သုံးဆီစျေးများလည်း ပိုမိုမြင့်တက်လာနေသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ထားဝယ်ဈေးကွက်၏ 92 ဓာတ်ဆီတစ်လီတာ ရည်ညွှန်းဈေးနှုန်းမှာ ၂၅၅၀ ကျပ်မှ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၂၉၆၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာ ရည်ညွှန်းဈေးမှာ ၂၉၈၀ ကျပ်မှ ၃၆၉၅ ကျပ်သို့ ဈေးမြင့်တက်သွားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာ ၄၁၀ ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာ ၇၁၅ ကျပ်ခန့် ဈေးတက်သွားခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ထားဝယ်ဈေးကွက်တွင် မတ်လ ၃ ရက်နေ့ကစပြီး စက်သုံးဆီ ဝယ်ယူရခက်ခဲနေသလို မြို့ပေါ်ဈေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နယ်ဈေးကွက်များတွင်မူ ယခင်က စက်သုံးဆီတစ်လီတာ ကျပ် ၃၀၀၀ နီးပါးသာ ရှိရာမှ မတ်လ ၃ ရက်နေ့ကစပြီး စက်သုံးဆီတစ်လီတာလျှင် မြို့ပေါ်ဈေးနှုန်းထက် နှစ်ဆခန့် မြင့်တက်လျက်ရှိသည်။

ယနေ့ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် စက်သုံးဆီတစ်လီတာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြား နေရာအပေါ်မူတည်၍ စျေးအမျိုးမျိုး သတ်မှတ်ရောင်းချနေကြသည်။

စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ဒီစက်သုံးဆီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လတ်သွားစရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ စက်သုံးဆီဈေးနှုန်းများက ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်” ဟု မတ်လ ၄ ရက်နေ့က နေပြည်တော်တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။

လက်ရှိမြေပြင်တွင်မူ စက်သုံးဆီဈေးမြင့်တက်မှုနှင့် ကန့်သတ်မှုများကြောင့် နေ့စဉ်သွားလာနေသည့် ဈေးသည်များ၊ ခရီးသွားများ၊ အငှားယာဉ်လုပ်သားများ အခက်အခဲဖြစ်နေကြကြောင်း ယနေ့ ထားဝယ်မြို့ခံ ဆိုင်ကယ်အငှားယာဉ်လုပ်သားတစ်ဦးက ပြောသည်။

“ဒီနေ့ ဆီဈေးနဲ့ ဆိုင်ကယ်တစ်စီး ဆီတစ်ဘူးပဲ ရတော့တယ်” ဟု အထက်ပါ ဆိုင်ကယ်အငှားယာဉ်လုပ်သားက ပြောသည်။

စက်သုံးဆီဈေးမြင့်တက်ခြင်းကြောင့် ထားဝယ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးခြံသမားအချို့ကလည်း လာမည့်နှစ်တွင် လျှပ်စစ်နှင့် စက်သုံးဆီသုံးစက်များအစား ဆိုလာစနစ် အသုံးပြုလို့ရသည့် ရေပန့်မောင်းစက်များ အသုံးပြုရန် စီစဉ်နေကြသည်ဟု စိုက်ပျိုးရေးသမားအချို့ထံမှ စုံစမ်းသိရသည်။