တနင်္သာရီမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ခုနစ်ထောင်ကျပ်အထိ စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှသိရသည်။
ဆီစျေးတက်သည့်အပြင် တန်းစီ၍ဝယ်ယူရပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ကြိမ်တန်းစီပါက တစ်လီတာသာ ဝယ်ယူ၍ရကြောင်း ကိုယ်တိုင် တန်းစီဝယ်ယူခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။
“စုံမ စနစ်နဲ့ ရောင်းပေးနေတာတော့ မဟုတ်ဘူး။ ဆိုင်ကယ်ဖြစ်ရင်ရပြီ။ တန်းစီနိုင်မှ ရတယ်။ ဒါတောင် ကံမကောင်းရင် တန်းစီရင်း ဆီကုန်သွားနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ဆီစျေးများ စမတက်မီ ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်မီက ဆီတစ်လီတာလျှင် ၂၇၀၀၊ ၂၈၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ကမ္ဘာ့ရေနံစျေး လှုပ်ခတ်ပြီးနောက် မတ်လ ၃ ရက်တွင် ကျပ် သုံးထောင်၊ လေးထောင် ဝန်းကျင်ဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းနောက် တစ်လီတာလျှင် ကျပ်ငါးထောင်အထိ ဖြစ်လာပြီး မတ်လ ၁၂ ရက်တွင် ခုနစ်ထောင် ဖြစ်လာကြောင်း ၎င်းတို့က ဆိုသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် စက်သုံးဆီကိုမူ မြို့ပေါ်မှတစ်ဆင့်သယ်ယူရပြီး လက်ရှိတွင် ဆီတစ်လီတာ ကျပ်တစ်သောင်းဝန်းကျင် စျေးရှိကြောင်း ကျေးလက်နေသူများထံမှ စုံစမ်းသိရှိရသည်။
တနင်္သာရီမြို့တွင် ဆီဆိုင် ရှစ်ဆိုင်ထက်မနည်းရှိသော်လည်း စက်သုံးဆီအခက်အခဲကြောင့် ဆိုင်အားလုံး မဖွင့်နိုင်ဘဲ တစ်ဆိုင်သာဖွင့်ကြောင်း မြို့ခံများက ပြောသည်။
တနင်္သာရီမြို့အတွက် စက်သုံးဆီကို မြိတ်မြို့မှ သယ်ယူရပြီး မြိတ်နှင့် တနင်္သာရီမှာ မိုင် ၅၀ ကျော် ကွာဝေးသည်။







