ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အနိုင်ရ ပြည်သူ့ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ကြံ့ခိုင်ရေးက တိုင်ကြားမှု UEC ကြားနာ

March 13, 2026

ပုံစာ-ပြည်သူ့ပါတီ၏ အနိုင်ရတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဦး

စစ်အုပ်စုက ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဦးအား ကြံ့ခိုင်ရေးပါတီက ကန့်ကွက်တိုင်ကြားထားသည့်အမှုကို မတ်လ ၉ ရက်ကစပြီး ကြားနာစစ်ဆေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာသည်။

ဦးခိုင်ဦးသည် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကိုယ်စားပြုကာ မဲအများဆုံးရသူ အကုန်ယူစနစ်ဖြင့် မြိတ်မြို့နယ်တွင် ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဦးခိုင်ဦး အနိုင်ရရှိမှုအပေါ် ပြိုင်ဘက်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးဝင်းကြူက ရွေးကောက်ပွဲ မသမာမှုရှိသည်ဟုဆိုကာ UEC ထံ ကန့်ကွက်တိုင်ကြားထားခြင်းဖြစ်သည်။

ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ထွေးကမူ USDP ကိုယ်စားလှယ်လောင်း၏ ကန့်ကွက်တိုင်ကြားမှုနှင့် ပတ်သက်၍ မတ်လ ၂၃ ရက်တွင် နှစ်ဖက်ကြားနာ စစ်ဆေးခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကိုယ့်ဘက်က ပြန်လည်ဖြေရှင်းမယ်ဆိုတဲ့စာကို သွားတင်ထားတယ်။ အဲဒီလို တင်တဲ့အချိန်မှာ သူတို့ (UEC) က ၂၃ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ၂၃ ရက်နေ့မှာ နှစ်ဖက်ကြားနာမယ်” ၎င်းက ပြောသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် အဆိုပါတိုင်ကြားမှုကို ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း UEC က ကြေညာထားသည်။

စစ်အုပ်စုက အပိုင်း သုံးပိုင်းခွဲပြီး ကျင်းပသည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော်အတွက် မြို့နယ်အလိုက် မဲဆန္ဒနယ် ၁၀ ခုရှိရာ မြိတ်မြို့နယ်မဲဆန္ဒနယ်တစ်ခုအတွက်သာ ပြည်သူ့ပါတီက အနိုင်ရရှိခြင်းဖြစ်ပြီး အခြားမဲဆန္ဒနယ် အားလုံးတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။

ဦးခိုင်ဦးကို ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အပိုင်း ၁ ရွေးကောက်ပွဲပြီးကတည်းက UEC က ကြေညာထားသည်။

တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဦးကျော်ကျော်ထွေးက ဆိုသည်။

“ရွေးကောက်ပွဲ အောင်နိုင်ရေးကာလမှာလည်း ကန့်ကွက်တာ အတိုင်ခံရတာ ရှိခဲ့တယ်။ အဲဒါလည်း ဖြေရှင်းပြီးသွားပြီ။ စီတန်းလှည့်လည်တယ်ဆိုတာမျိုး သူက လုပ်တယ် (တိုင်တယ်) ။ တကယ်တန်းကျတော့ ကိုယ့်ဘက်က စီတန်းလှည့်လည်တာ မဟုတ်ဘူး။ အဓိက သူတိုင်တာက အဲဒီကိစ္စပေါ့နော်။ အဲဒီကိစ္စဆိုတော့ ကျွန်တော်တို့ဘက်က ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါကိစ္စများနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်ပြီး တနင်္သာရီတိုင်းဥက္ကဋ္ဌဖြစ်သည့် ဦးသန်းအောင်ကို Dawei Watch က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရသေးပေ။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော်အတွက် မဲအများဆုံးရသူယူစနစ် (FPTP) ဖြင့် ၁၀ ဦး၊ အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ၁၀ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၀ ဦးနှင့် စစ်အာဏာရှင်တပ် ကိုယ်စားလှယ် ၇ ဦးဖြင့် လွှတ်တော်ခေါ်မည်ဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဇိုမီးအမျိုးသားပါတီက ဦးပေါင်ဇလန်းကိုလည်း ကြံ့ခိုင်ရေးပါတီက ကန့်ကွက်တိုင်ကြားထားပြီး အဆိုပါအမှုကိုလည်း ကြားနာစစ်ဆေးနေပြီဖြစ်ကြောင်း UEC က ကြေညာထားသည်။