အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်တော့မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က မတ်လ ၁၂ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။
သို့သော်ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ အီရန်၏ အခွင့်အရေးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
အီရန်ထိပ်သီးခေါင်းဆောင်သစ် မိုဂျတာဘာခါမေနီက အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့နိုင်သည့် အာဏာကို ဆက်လက်ကျင့်သုံးရမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ယင်းပြောဆိုမှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အာမီရ် ဆာအိဒ် အီရာဗာနီက ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့ ပိတ်ထားတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရေလမ်းကြောင်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ပင်ကိုရပိုင်ခွင့်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သတင်းထောက်များ၏ မေးခွန်းများကို မဖြေကြားမီ အီရာဗာနီက ၎င်း ကြိုတင်ပြင်ဆင်လာသည့် ကြေညာချက်ကို ဖတ်ပြရာတွင် အီရန်နိုင်ငံအနေဖြင့် ပင်လယ်ပြင်ဥပဒေအရ ရေကြောင်းသွားလာခွင့် လွတ်လပ်ခွင့်မူကို အပြည့်အဝ လေးစားလိုက်နာကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြားအပါအဝင် ဒေသတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အီရန်ကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
“တကယ်တော့ ဒါဟာ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ရန်စကျူးကျော်မှုတွေ လုပ်ဆောင်ပြီး ဒေသတွင်းလုံခြုံရေးကို ထိခိုက်အောင် ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကြောင့် ဖြစ်လာရတဲ့ တိုက်ရိုက်အကျိုးဆက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
စစ်ရေးအရ ဖြစ်နိုင်လျှင် အမေရိကန်ရေတပ်အနေဖြင့် နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းကာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်က Sky News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ တုံ့ပြန်ရန်မရှိကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အီရာဗာနီက ပြောဆိုခဲ့သည်။
Source: Reuters







