ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်၊ တောင်ရှည်ရွာအုပ်စုတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

March 13, 2026

မြိတ်မြို့၊ တောင်ရှည်ကျေးရွာအုပ်စု ပျဥ်ချောင်းရွာတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့က တောင်ရှည်ရွာမှ ပျဥ်ချောင်းရွာသို့ စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“စစ်ကြောင်းထိုးလာလို့ ကြားဖြတ်တိုက်လိုက်တယ်။ နေ့ဘက်တိုက်ပွဲဖြစ်ကြတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်း စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် အုပ်ချုပ်ရေးမှူးများ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

တက်လက်ငယ်ရွာ ရာအိမ်မှူးမှာ လက်တွင်ဒဏ်ရာရရှိပြီး အင်္ဂမော်ရွာပျူစောထီးခေါင်းဆောင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားကြောင်း ၄င်းကဆိုသည်။

“ရှေ့တန်းအမြဲလိုက်နေရတာ သူတို့ပြောတာတော့ ကင်းစောင့်ရတာလို့ပဲ ပြောတယ်။ စခ(စစ်အာဏာရှင်)ထိခိုက်တာတော့ မသိရဘူး”ဟု အထက်ပါဒေသခံက ပြောသည်။

မတ်လ ၉ ရက်နေ့တွင် မြိတ်မြို့ တပ်တောင်ရွာနှင့် ပလုံးရွာမှ ရွာသားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။