BREAKING
May 9, 2025

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှယ်လ်ယို အော်စကာဆု ဆွတ်ခူး

March 13, 2023

The Lady ရုပ်ရှင်ဇာတ်ကား၌ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှယ်လ်ယို သည် အော်စကာဆုကို ဆွတ်ခူးရယူကာ အာရှသရုပ်ဆောင်မင်းသမီးများအနက်မှနေ၍ အော်စကာဆု ဆွတ်ခူးရယူနိုင်သော ပထမဆုံးအမျိုးသမီးအဖြစ် စံချိန်ရေးထိုးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မီရှယ်လ်ယိုသည် Everything Everywhere All At Once ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်ကာ အော်စကာဆု ပေးအပ်ချီးမြှင့်သည့် ၉၅ နှစ်တာကာလ သက်တမ်းအတွင်း မီရှယ်လ်ယိုမှာ အာရှတိုက်ဖွား အမျိုးသမီးသရုပ်ဆောင်များအနက်မှနေ၍ အော်စကာဆုရရှိသည့် ပထမဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းလည်းဖြစ်သည်။

မီရှယ်လ်ယိုနှင့်အတူ အာရှတိုက်ကိုယ်စားပြု အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်သည့် ကေဟွီကွမ်းကလည်း အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွားခဲ့သည့်အတွက် အာရှတိုက်ကိုယ်စားပြု သရုပ်ဆောင်နှစ်ဦး အော်စကာရရှိသည့်နှစ်လည်း ဖြစ်သွားခဲ့သည်။

ကေဟွီကွမ်းသည် အာရှတိုက်ကိုယ်စားပြု အမျိုးသားသရုပ်ဆောင်များအနက်မှနေ၍ အော်စကာဆုကို ပထမဆုံး ဆွတ်ခူးရယူနိုင်သည့် အမျိုးသားသရုပ်ဆောင်ဖြစ်သွားခဲ့ကာ မီရှယ်လ်ယိုမှာ မလေးရှားနိုင်ငံသူ၊ ကေဟွီကွမ်းမှာ ဗီယက်နမ်နိုင်ငံသား ဖြစ်နေသည့်အတွက် အရှေ့တောင်အာရှကိုယ်စားပြု အနုပညာကြယ်ပွင့်များ အော်စကာရရှိသည့်နှစ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

အကောင်းဆုံးအမျိုးသားသရုပ်ဆောင် အော်စကာဆုကို The Mummy ရုပ်ရှင်ဇာတ်ကားဖြင့် လူသိများသော ဘရင်ဒန် ဖရေဆာ က The Whale ရုပ်ရှင်ဇာတ်ကား၏သရုပ်ဆောင်ချက်များဖြင့် ဆွတ်ခူးရရှိသွားခဲ့ကာ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ဇာတ်ပုံဆုကိုမူ Everything Everywhere All At Once ဇာတ်ကားတွင် ပါဝင်သော ဂျေမီ လီ ကားတစ် က ရယူသွားနိုင်ခဲ့သည်။