ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အရှေ့တောင်အာရှတွင် သေဒဏ်ပေးမှု ကျဆင်းလာ

February 13, 2026

အရှေ့တောင်အာရှနိုင်ငံများတွင် သေဒဏ်ပေးမှုကို ကန့်သတ်လျှော့ချလာကြပြီး သေဒဏ်ပေးမှု ပယ်ဖျက်ရေးသို့ သတိကြီးစွာ တဖြည်းဖြည်း ချဉ်းကပ်ဆောင်ရွက်လာကြောင်း DW (Deutsche Welle) သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံအနက် ၈ နိုင်ငံ၌ သေဒဏ်ပေးမှုကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။

ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အရှေ့တီမောနိုင်ငံတို့တွင်သာ သေဒဏ်ပေးမှုကို ဥပဒေကြောင်းအရ ပယ်ဖျက်ထားသည်။

သို့ရာတွင် သေဒဏ်ဆက်လက်ထားရှိသည့် အရှေ့တောင်အာရှနိုင်ငံအများစုသည် သေဒဏ်စီရင်မှုကို လက်တွေ့တွင် ရပ်ဆိုင်း ထားသည့် အလေ့အထကို လိုက်နာလာကြပြီး အချို့သောပြစ်မှုများအတွက် မဖြစ်မနေ သေဒဏ်ပေးမှုကို ပယ်ဖျက်ရန် ဥပဒေအသစ်များကို ပြဋ္ဌာန်းလာကြသည်။

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က ပြစ်မှုရှစ်မျိုးအတွက် သတ်မှတ်ထားသော သေဒဏ်ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ သေဒဏ်ပေးနိုင်သည့် ပြစ်မှုအရေအတွက်မှာ ၁၈ မျိုးမှ ၁၀ မျိုးသို့ လျော့ကျသွားခဲ့သည်။

မလေးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် မဖြစ်မနေပေးရမည့် သေဒဏ်စနစ်ကို ပယ်ဖျက်ခဲ့ပြီး ယခင်က သေဒဏ် တစ်ခုတည်းသာ ချမှတ်ရမည့် ပြစ်မှုများအတွက် ထောင်ဒဏ်များ လျှော့ပေါ့ချမှတ်နိုင်ခွင့် ရှိလာသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း သေဒဏ်စီရင်ခြင်း မပြုလုပ်ပါက ၁၀ နှစ်ဆက်တိုက် သေဒဏ်ပေးမှု မရှိခဲ့သည့် အတွက် “လက်တွေ့တွင် သေဒဏ်ပယ်ဖျက်ထားသော နိုင်ငံ” အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ထိုင်းအစိုးရသည် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်ပြသည့် သေဒဏ်ပယ်ဖျက်ရေး အဆိုပြုချက်ကို ပယ်ချခဲ့သည်။

သို့ရာတွင် ထိုင်းနိုင်ငံ၌ နောက်ဆုံးအကြိမ် သေဒဏ်စီရင်မှုကို ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်အုပ်စုက သေဒဏ်စီရင်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အချို့ကလည်း သေဒဏ်စီရင်မှုများရှိသဖြင့် ဝေဖန်မှုများ ရှိနေသည်။

Source: DW

No related posts found.