ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ၏ Bhumjaithai ပါတီနှင့်အတူ Pheu Thai ပါတီတို့က ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူနှင့်အတူ Pheu Thai ပါတီ ဝန်ကြီးချုပ်လောင်း သက်ဆင်၏ တူဖြစ်သူ ယော့ချနန် ဝန်စဝပ် (Yodchanan Wongsawat) နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။
Bhumjaithai ပါတီ အစိုးရဖွဲ့နိုင်ရန် Pheu Thai ပါတီဘက်က ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၄ နေရာဖြင့် ပထမနေရာမှ အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်သည်အထိ အမတ်နေရာ ၂၅၀ ကို ကျော်လွန်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် နိုင်ငံရေးပါတီများကြား ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်း Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူက ပြောသည်။
ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၁၆ နေရာဖြင့် ဒုတိယနေရာက အနိုင်ရရှိထားသော ပြည်သူ့ပါတီ (People’s Party) ကမူ Bhumjaithai ပါတီနှင့် ပူးပေါင်းသွားမည်မဟုတ်ဘဲ အတိုက်အခံနေရာက ဆက်ရှိနေမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။
ယင်းနောက် အမတ်နေရာ ၇၆ နေရာ အနိုင်ရရှိထားသော Pheu Thai ပါတီဘက်က Bhumjaithai ပါတီ အစိုးရဖွဲ့နိုင်ရေး ပူးပေါင်းသွားမည်ဟု ကြေညာလာခြင်းဖြစ်သည်။
ထို့ကြောင့် Bhumjaithai ပါတီက Pheu Thai ပါတီ၏ ထောက်ခံချက်ဖြင့် အောက်လွှတ်တော်အမတ်နေရာ ၂၅၀ ကျော်ရရှိလာကာ အစိုးရဖွဲ့နိုင်တော့မည်ဖြစ်သည်။
နှစ်ပါတီအနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့သော နားလည်မှုအလွဲများကို မေ့ပျောက်၍ ပြည်သူများ၏ စိတ်ဝင်စားမှုအရ မူလရည်မှန်းချက်များအတိုင်း လုပ်ဆောင်သွားကြမည်ဟု သဘောတူထားခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် အစိုးရဖွဲ့တွင် ပါဝင်ရန် ဆွေးနွေးခြင်းများ မရှိသေးဘဲ နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဖော်ပြသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင်လည်း Pheu Thai ပါတီနှင့် Bhumjaithai ပါတီတို့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သော်လည်း နောက်ပိုင်းတွင် ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။
Ref: Khaosod, Reporter, The Nation Thailand







