ကနေဒါနိုင်ငံ အနောက်ပိုင်း အယ်လ်ဘာတာပြည်နယ်တွင် ကနေဒါမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်သည့် လက်မှတ်ရေးထိုးပွဲ လှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အယ်လ်ဘာတာပြည်နယ်သည် ကနေဒါနိုင်ငံရှိ အခြားဒေသများကြောင့် မိမိတို့ ပြည်နယ်မှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေရသည်ဟုဆိုကာ ကာလရှည်ကြာ မကျေမနပ်ဖြစ်လာခဲ့သည့်ဒေသ ဖြစ်သည်။
ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေ ၁၀ ရာခိုင်နှုန်း (ခန့်မှန်းခြေ လူဦးရေ ၁၇၇,၀၀၀ ဝန်းကျင်) ထံမှ ခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကျင်းပနိုင်ရေး ထောက်ခံလက်မှတ်များ ယခုနှစ် မေလ ၂ ရက်နေ့ နောက်ဆုံးထား၍ စုဆောင်းနိုင်ရန် စေတနာ့ဝန်ထမ်း စည်းရုံးရေးမှူးများက မျှော်လင့်ထားသည်။
၎င်းပမာဏမှာ ကနေဒါနိုင်ငံမှ အယ်လ်ဘာတာပြည်နယ်ခွဲထွက်ရေးအတွက် နိုင်ငံသားများ ဦးဆောင်သည့် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပနိုင်ရန် လိုအပ်သည့် အနိမ့်ဆုံး သတ်မှတ်ချက် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် တိုးမြှင့်မှုများနှင့် ကနေဒါနိုင်ငံအား အမေရိကန်က သိမ်းပိုက်မည်ဟူသော ခြိမ်းခြောက်မှုများအကြား ကနေဒါနိုင်ငံသားများ တညီတညွတ်တည်းရှိကြောင်း ပြသရန် ကြိုးပမ်းနေသည့် ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးအတွက်မူ ယခုလှုပ်ရှားမှုမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အယ်လ်ဘာတာပြည်နယ်သည် ကနေဒါနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အများဆုံး ထုတ်လုပ်ရာ ဒေသဖြစ်ပြီး နိုင်ငံရေးအရ ကွန်ဆာဗေးတစ်ဝါဒီများ အားကောင်းသည့် ဒေသ ဖြစ်သည်။
ကနေဒါဗဟိုအစိုးရအဆက်ဆက်၏ တင်းကျပ်လွန်းသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းများကြောင့် အယ်လ်ဘာတာပြည်နယ်၏ စွမ်းအင်လုပ်ငန်းမှ အကျိုးအမြတ်ရရှိမှု ထိခိုက်နေရကြောင်း ဒေသခံများ၏ မကျေနပ်ချက်များ ကာလရှည်ကြာ အမြစ်တွယ်နေသော ပြည်နယ် ဖြစ်သည်။
ခွဲထွက်ရေးလှုပ်ရှားမှုမှာ အရှိန်အဟုန် မြင့်တက်လာနေပြီဖြစ်ကြောင်း အယ်လ်ဘာတာခွဲထွက်ရေးကို ထောက်ခံသည့် Alberta Prosperity Project အဖွဲ့၏ တက်ကြွလှုံ့ဆော်သူ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်ရတ်သ်က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၎င်းနှင့် အခြားတက်ကြွလှုပ်ရှားသူများသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း ဂျက်ဖ်ရတ်သ်က အတည်ပြုပြောဆိုသည်။
အယ်လ်ဘာတာပြည်နယ် လွတ်လပ်ရေးရရှိခဲ့ပါက အမေရိကန်အစိုးရအနေဖြင့် မည်သို့တုံ့ပြန်မည်ကို သိရှိနိုင်ရန် ယင်းသို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အယ်လ်ဘာတာမှ အမေရိကန်သို့ ရေနံပိုက်လိုင်းအသစ်တစ်ခု တည်ဆောက်မည့် အဆိုပြုချက်ကို အမေရိကန်အရာရှိများက အပြုသဘောဆောင် တုံ့ပြန်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
အထူးသဖြင့် ကနေဒါအစိုးရက တရုတ်နိုင်ငံသို့ စွမ်းအင်ပိုမိုရောင်းချရန် စီစဉ်နေမှုအပေါ် အမေရိကန်ဘက်က စိုးရိမ်မကင်းဖြစ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပြုထည့်သွင်းပြောဆိုခဲ့သည်။
Source: Reuters







