ထားဝယ်ဒေသတွင် ယခုနှစ် မိုးမကျမီ အိမ်အမိုးလဲလှယ်ကြပြီဖြစ်ရာ ဒေသထွက် ဓနိဖက်များ စျေးမြင့်တက်နေပြီး အချို့ဒေသများတွင် ဓနိဖက် တစ်ထောင်လျှင် ကျပ်သုံးသိန်းနီးပါးအထိ ပေးဝယ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ထားဝယ်ဈေးကွက်အတွင်း ဓနိဖက်လက္ကားစျေးမှာ အချပ်တစ်ထောင်လျှင် ကျပ်တစ်သိန်းရှစ်သောင်းခန့်သာ အများဆုံးဈေးရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကျပ်နှစ်သိန်းသုံးသောင်းအထိ ဈေးမြင့်တက်လာကာ ယခင်နှစ်ထက် ကျပ်ငါးသောင်းခန့် ဈေးပိုတက်သွားကြောင်း ဓနိဖက် ထုတ်လုပ်ရောင်းချသူများက ဆိုသည်။
ယခုနှစ် ဓနိဖက်လက်လီဈေးကွက်နှင့် အိမ်အရောက်ပို့ဈေးကွက်များတွင်မူ ဓနိဖက်အချပ် တစ်ထောင်လျှင် ကျပ်နှစ်သိန်းရှစ်သောင်းမှ ကျပ်သုံးသိန်းနီးပါးအထိ ရှိကြောင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီတစ်ပတ် ကားနဲ့ ထားဝယ်ကိုမှာတာ နှစ်သိန်းရှစ်သောင်း ပေးရတယ်။ ရွာမှာ ဖောက်သည်ရောင်းနေကြသူတွေကျတော့ ဖက်တစ်ထောင်ကို သုံးသိန်းလောက်ရှိတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။
ထုတ်လုပ်သူနည်းပါးလာခြင်းနှင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာခြင်းတို့ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒီနှစ်မှာ ပစ်ထားတဲ့ ဓနိတောတွေ များလာတယ်။ အဓိကကတော့ လုပ်သားရှားပါးတာရယ်၊ စရိတ်ကြီးတာတွေကြောင့် ပစ်ထားကြတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်ဒေသတွင် ဓနိဖက် အချပ်တစ်ထောင်ထိုးခမှာ ကျပ်သုံးသောင်းဝန်းကျင်နှင့် ဓနိတံ အချောင်းတစ်ထောင်လျှင် ကျပ်တစ်သောင်းငါးထောင်ဝန်းကျင်သာ ဈေးရှိခဲ့သည်။
ယခုနှစ်တွင်မူ ဓနိဖက် အချပ်တစ်ထောင်ထိုးခမှာ ကျပ်လေးသောင်းဝန်းကျင်နှင့် ဓနိတံ အချောင်းတစ်ထောင်လျှင် ကျပ်နှစ်သောင်းဝန်းကျင်ခန့် ပေါက်ဈေးရှိကြောင်း ဓနိထုတ်လုပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။
ထားဝယ်ဒေသတွင် မိုးမကျမီ အိမ်မိုးရန် ဓနိဖက်များကို စုဆောင်းလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မေလအတွင်း အိမ်အမိုးမိုးလေ့ရှိကြသည်။
ထားဝယ်ခရိုင်အတွင်း လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ဓနိဖက် အများဆုံးထုတ်လုပ်ပြီး ဒေသတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။







