ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသော မြန်မာအလုပ်သမားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် အံသွားနုတ်ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယင်းအစီအစဉ်ကို လာမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေလ ၁ ရက်) တွင် စတင်နိုင်ရန် စီစဉ်ထားကြောင်း လူမှုဖူလုံရေးရန်ပုံငွေရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူး Niyada Seneemanomai က ပြောသည်။
လူမှုဖူလုံရေး (ပကန်စံခွန်) ထည့်ဝင်ထားသူများအတွက် သွားကျန်းမာရေးစနစ်နှင့် ပတ်သက်၍ အကျိုးခံစားခွင့် ပိုမိုရရှိစေရန် ရည်ရွယ်၍ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ရိုးရိုး အံသွားနုတ်ခြင်းအတွက် ဘတ် ၁၅၀၀ အထိ ခံစားခွင့်ပြုမည်ဖြစ်ပြီး၊ အကယ်၍ ခွဲစိတ်မှု ပိုမိုရှုပ်ထွေးခဲ့ပါက ဘတ် ၂၅၀၀ အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် အစိုးရဆေးရုံများအပါအဝင် ဆေးခန်းပေါင်း ၅၀၀၀ ကျော်နှင့် ဆွေးနွေးနေဆဲဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းပေါင်း ၁၈၀၀ ကျော်က သဘောတူထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
လူမှုဖူလုံရေးရန်ပုံငွေရုံးနှင့်တရားဝင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားသော ဆေးရုံ၊ ဆေးခန်းများတွင် အံသွားနုတ်ရန် သွားရောက်ပြသပါက လူနာများအနေဖြင့် ငွေကြေးစိုက်ထုတ်ရန်မလိုဘဲ အခမဲ့ပြသနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
အကယ်၍ အခြားဆေးရုံ၊ ဆေးခန်းများတွင် ပြသပါက ငွေရှင်းပြေစာဖြင့် လူမှုဖူလုံရေးရုံးတွင် ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။
ထို့အပြင် သွားအမြစ်ကုသခြင်းနှင့် သွားစိုက်ခြင်းများအတွက်လည်း လူမှုဖူလုံရေးရန်ပုံငွေအောက်မှ ခံစားခွင့် ရရှိနိုင်ရေး စီစဉ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသူများအားလုံး သွားကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးကုသရန်အတွက် တစ်နှစ်လျှင် ဘတ် ၉၀၀ အထိ ခံစားခွင့် ရရှိထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးရန်ပုံငွေထည့်ဝင်ထားသော မြန်မာအလုပ်သမား ၁ သန်းခန့်ရှိပြီး ဘတ် ၇၅၀ ထက် မပိုသော ရန်ပုံငွေများကို လစဉ်ထည့်ဝင်လျက်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref: Thai PBS, Prachachat, Bangkok Biz News







