ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် မိုးရွာနိုင်

February 13, 2026

ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းတွင် ယခုရက်သတ္တပတ်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနများနှင့် မိုးလေဝသ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

တနင်္သာရီတိုင်းအပါအဝင် ရှမ်း (အရှေ့ပိုင်းနှင့် တောင်ပိုင်း) ၊ ကရင်၊ မွန်၊ ကရင်နီ(ကယား)၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်တွင် ဖော်ပြသည်။

စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကလည်း တနင်္သာရီတိုင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှ နောက် နှစ်ရက်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေပွေလှိုင်း တစ်ခုဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းသည်။

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင် ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ ထားဝယ်တွင် မိုးရွာသွန်းမှု မရှိသော်လည်း မြိတ်ခရိုင် နေရာအချို့တွင်မူ မိုးအနည်းငယ်ရွာခဲ့ကြောင်း သိရသည်။

သို့သော် နေ့ဘက် ပိုပူလာကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း၌ ကော့သောင်းမြိုနှင့် တောင်ဘက်တွင် မိုးပိုရွာနိုင်ပြီး မိုးရွာပါကလည်း မိုးမများဘဲ ဖေဖော်ဝါရီလ ၂၁ ရက် အထိ မိုးအနည်းငယ်သာ ရွာနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

ကော့သောင်းမြို့ခံတစ်ဦးထံဆက်သွယ်မေးမြန်ကြည့်ရာ ဖေဖော်ဝါရီလ ၁၂ ရက်က ကော့သောင်းတွင် မိုးရွာခဲ့ပြီး ယနေ့တွင် ရာသီဥတုသာယာနေကြောင်း ပြောဆိုသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း စစ်ကော်မရှင် မိုးဇလက ခန့်မှန်းထားသည်။