တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အလယ်ပိုင်းရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် ဇဝဲရွာဘက်မှ တကူရွာဘက်သို့ ဒရုန်းတက်လာသည်ကို တွေ့ရပြီးနောက် အလယ်ပိုင်းရွာရှိ ဥယျာဉ်ခြံအတွင်းသို့ ဗုံးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒရုန်းကျတဲ့နေရာမှာ မီးလောင်သွားတယ်။ တစ်လံပတ်လည်(၆ပေပတ်လည်) လောက်ပေါ့။ အခုဒရုန်းကျတဲ့နေရာနဲ့ အရင်လေယာဉ်ဗုံးကျခဲ့တဲ့နေရာနဲ့ နီးတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း (Kamikaze Drone) ကို အသုံးပြု၍ တကူရွာကို တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ တနင်္သာရီမြို့နယ်အတွင်း ၎င်းဒရုန်းအမျိုးအစား အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒရုန်းက ဇဝဲတပ်ကို အင်အားဖြည့်ပြီးမှ တက်လာတာဆိုတော့ အင်အားဖြည့်ရောက်လာတဲ့အထဲမှာ ဒရုန်းတပ်စိတ်တွေ ပါတယ်လို့ ခန့်မှန်းရတယ်။ တကူရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာတော့ မရှိဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
တကူရွာကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသော်လည်း ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေ ဒရုန်းဖြင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ရာတွင် ခရစ်ယာန်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးသွားခဲ့သည်။







