တနင်္သာရီတိုင်း မြိတ်ကျွန်းစုဒေသက တင်သွင်းသည့် ဒီရေတောမီးသွေးများ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ဝယ်မရတော့သည်အထိ ပြတ်လပ်နေကြောင်း ရနောင်းမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားအချို့ထံမှ သိရသည်။
မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲမလုပ်မီ ဒီဇင်ဘာလဆန်းကစတင်ကာ ဒီရေတော မီးသွေးပြတ်လာခြင်းဖြစ်ကြောင်း မီးသွေးလှေ၊ မီးသွေးဂိုဒေါင်လုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သည့် ရနောင်းမြို့တွင် နေထိုင်သည့် ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
မြိတ်ကျွန်းစုဒေသထွက် ဒီရေတောမီးသွေးများကို မီးသွေးတင်လှေများဖြင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ နေ့စဉ်နီးပါး ပို့ဆောင်နေ ခြင်းဖြစ်သည်။
ရနောင်းမြို့တွင်း ဆိပ်ကမ်းတစ်လျှောက်တွင် မီးသွေးဂိုဒေါင် ၁၀ လုံး ထက်မနည်း ရှိနေပြီး (ဆိပ်ခံ) ဂိုဒေါင်တစ်လုံးလျှင် မီးသွေးတင်လှေ ၁၀ စီးဝန်းကျင်ရှိကြောင်း ရနောင်းမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံများထံမှ သိရသည်။
အဖမ်းအဆီး မတင်းကျပ်မီက လှေတစ်စီးလျှင် ပျမ်းမျှအားဖြင့် (တစ်လ) အသွားအပြန် သုံးခေါက်ပြေးဆွဲလေ့ရှိသည့်အတွက် လှေတစ်စီး၏ တစ်လအတွင်း မီးသွေးတင်ဆောင်လာသည့် ပမာဏမှာ ကီလိုသုံးသိန်းခွဲကျော်ရှိကြောင်း စုံစမ်းသိရသည်။
သို့ရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းမှစတင်ကာ မြန်မာစစ်အာဏာရှင်ရေတပ်က စစ်ဆေးဖမ်းဆီးမှုများနေသဖြင့် မီးသွေးလှေများ မလာတော့ကြောင်း ရနောင်းမြို့တွင်နေထိုင်သည့် ထားဝယ်ဒေသခံက ဆိုသည်။
“မီးသွေးဂိုဒေါင်တွေမှာပါ မီးသွေးတွေ ပြတ်နေတယ်။ မြန်မာပြည်ဘက်က လှေဆင်းလို့ မရကြတာလို့ ပြောတယ်။ မဲပေးပွဲတွေနဲ့ လမ်းကြောင်းကလည်း ရှုပ်နေတယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပြတ်လပ်နေသဖြင့် ကီလို ၂၀ ကျော်ပါ ဒီရေတောမီးသွေးတစ်အိတ်လျှင် (လက်လီဈေး) ၁၈၀ ဘတ်ဖြင့် ရောင်းချနေရာက လက်ရှိတွင် ၂၂၀ ဘတ်ဖြင့်ပင် ဝယ်၍ မရတော့ကြောင်း ရနောင်းမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားအချို့ထံမှ သိရသည်။
“အိမ်မှာ ငါးကင်စားဖို့ မီးသွေးသွားဝယ်တာ ဘယ်ဆိုင်မှာမှ မရှိတော့ဘူး။ ကျုံကျင် (ကုန်စုံဆိုင်ကြီး) မှာတောင် မရှိတော့တာ” ဟု ရနောင်းမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောဆိုသည်။
မြိတ်ကျွန်းစုဒေသထွက် ဒီရေတောမီးသွေးကို ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအနှံ့ရှိ မီးသွေးဖြန့်ဖြူးသူများက လာရောက်ဝယ်ယူကြပြီး မူကထဆိုင်များကို ပြန်လည်ရောင်းချနေကြခြင်းဖြစ်သည်။
မီးသွေးတင်လှေများကို မြန်မာစစ်အာဏာရှင်တပ်က စစ်ဆေးတင်းကျပ်နေသလို ရနောင်းမြို့ဘက်တွင်လည်း မြန်မာနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းတင်လှေများကို ထိုင်းအာဏာပိုင်များက အစစ်အဆေးတင်းကျပ်ထားကြောင်း စုံစမ်းသိရသည်။







