တနင်္သာရီမြို့နယ်၊ ဘန်လောရွာနှင့် ခြောက်မိုင်ရွာတို့ကို စစ်အာဏာရှင်တပ်က ကားသုံးစီးဖြင့် အင်အားဖြည့်တင်းပြီနောက် စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက် တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူ မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့မှ စစ်အာဏာရှင်တပ်သားများသည် ဘန်လောရွာနှင့် ခြောက်မိုင် ရွာကို အင်အားဖြည့်တင်းပြီးနောက် ဘန်လောအနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေကြောင်း ဖမ်းခံရသည့်ဒေသခံ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“ကော်ပတ် (ရော်ဘာ) ခြစ်နေတဲ့ သူတွေလည်း ပါသွားကြတယ်။ ကိုယ်ဝန်သည်တွေ၊ ဖိုးကြီး၊ ဖွားကြီး တွေလည်း ဖမ်းတဲ့ထဲ ပါသွားတယ်။ ဘယ်နှစ်ယောက် အဖမ်းခံရဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံများကို စစ်ကြောင်းနှင့် အတူခေါ်ဆောင်သွားသည်ဟုသာ ကြားသိရပြီး လက်ရှိမည်သည့်နေရာတွင် ရှိနေသည်ကို သေသေချာချာ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်ဖွဲ့သည် ဘန်လောရွာ အရှေ့ဘက် ကျောက်ပုံတောင်တွင် တပ်စွဲထားပြီး ခြောက်မိုင်ရွာတွင်လည်း စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်း ဇန်နဝါရီလ ၇ရက်ကတည်းက ရောက်ရှိနေသည်။
ယနေ့ နံနက်တွင်မူ စစ်အင်အားထပ်မံ ဖြည့်တင်းလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အင်အားဖြည့်တင်းပြီးနောက် ခြောက်မိုင်ရွာတွင်ရှိနေသည့် စစ်အာဏာရှင်တပ်သားများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို သေနတ်သံများလည်း ကြားနေရကြောင်း အနီးဝန်းကျင်ရွာရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။
“စစ်သားတွေ ဘက်က ညဘက်လှုပ်ရှားကြတယ်။ လင်း(မနက်)တော့ ခြောက်မိုင်ရွာရော ဘန်လောရွာရော စစ်သားတွေ ပြည့်တက်နေတယ်။ ဒီနေ့ နေ့လယ် (၁၁ နာရီဝန်းကျင်) တိုက်ပွဲဖြစ်နေတယ် ထင်တယ်။ အသံ (သေနတ်သံ) တွေ ကြားနေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာပြီးနောက် ဘန်လောရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ခြောက်မိုင်ရွာက ဒေသခံများမှာ ဇန်နဝါရီလ ၇ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်ကပင် ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီးနောက် ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန် တပ်ရင်းကို အင်အားဖြည့်တင်းပြီး အနီးအနားဝန်းကျင်ရှိ ရွာများကို စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဇန်နဝါရီလ ၆ရက်တွင် စစ်အာဏာရှင်တပ် အမှတ် ၅၆၁ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် မုတ်ဆိတ်ကွင်းရွာသို့ ကျပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံ သုံးဦး ဒဏ်ရာရခဲ့သည်။







