ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေ၍ ဒေသခံများ သတိထားပြီးနေထိုင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။
ဇန်နဝါရီလ ၁၂ ရက်တွင် လက်နက်ကြီး နှစ်လုံး၊ ဒီကနေ့ ၁၃ ရက်တွင် လက်နက်ကြီး ၄ လုံး ဘဝပင်ရွာဝန်းကျင်နှင့် ဝကုန်းရွာဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“ဘဝပင်ရွာ ခဲလုပ်ကွက်နားမှာ လာကျလို့ ခဲရှာသူတွေ ပြန်ပြေးလာကြတယ်။ ဥယျာဉ်ခြံထဲမှာ တစ်လုံးကျတာ မီးလောင်လို့ ခြံရှင် မီးငြိမ်းသတ်နေရတယ်လို့ ပြောတယ်” ဟု ဘဝပင်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထားဝယ်မြို့ ဇဟာရွာအခြေစိုက် အမတ (၃၀၂) အမြောက်တပ်ရင်းနှင့် ကျောက်မဲတောင်စခန်းတို့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရပြီး လူနှင့် နေအိမ်ထိခိုက်မှု မရှိသေးဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။
“လက်နက်ကြီးက တစ်ခါပစ်ရင် နှစ်လုံး၊ သုံးလုံး ရက်ခြားပစ်နေတယ်။ ဒီနေ့တော့ ၄ လုံးရှိပြီဆိုတော့ လူတွေလည်း သတိဝီရိယထားပြီး စောင့်ကြည့်နေကြတယ်။ လူနဲ့ အိမ်တွေ ထိခိုက်မှုရှိတယ်လို့တော့ မကြားရသေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၅ ရက်နေ့က သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဂိတ်နှင့် ရေဝိုင်းရွာရှိ ဧဒင်မှူး (ထားဝယ်ပကဖ) စခန်းငယ်အချို့ကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရှေ့တောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောက်ရက်များတွင် စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါစစ်ကြောင်းသည် အရှေ့တောဒေသ နယ်မြေအတွင်းရှိ ဥယျာဉ်ခြံနှင့် တောထဲတွင် ပြောက်ကျားစစ်ကြောင်းထိုးနေသဖြင့် ဒေသခံအချို့ လုပ်ငန်းရပ်နားကာ အခြေအနေကို စောင့်ကြည့်နေကြောင်း ၎င်းတို့က ဆိုသည်။







