ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်းမြို့သို့ အိန္ဒိယသံအမတ် လာရောက်ဟု ထုတ်ပြန်

January 13, 2026

ဓာတ်ပုံ - အန္ဒိယသံရုံး

အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီလ ၁၂ ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

အိန္ဒိယသံအမတ်ကြီးသည် စစ်ကော်မရှင်၏ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်စပ်စစ်ဆေးရေးဂိတ်များအပြင် ဘုရင့်နောင်အငူကဲ့သို့ အထင်ကရနေရာများနှင့် ကော့သောင်းမြို့ရှိ အိန္ဒိယနွယ်ဖွားများထံ အလည်အပတ် သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကော့သောင်းမြို့သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အရေးပါကြောင်း ကော့သောင်းမြို့ခရီးစဉ်အပြီးတွင် အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသံအမတ်ကြီး၏ ယခုခရီးစဉ်သည် ၈ လအတွင်း ဒုတိယအကြိမ်မြောက် တနင်္သာရီတိုင်းခရီးစဉ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလကလည်း သံအမတ်ကြီးသည် ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး တနင်္သာရီတိုင်း စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သေးသည်။

ထိုခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စများ၊ ကမ်းခြေခရီးသွားလုပ်ငန်း၊ ရော်ဘာ၊ သီဟိုဠ်စေ့နှင့် ရေထွက်ကုန်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ကော်မရှင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ-မြန်မာ-ထိုင်း ချစ်ကြည်ရေးလမ်းမကြီးစီမံကိန်းကို အမြန်ဆုံးပြီးစီးရန် အိန္ဒိယဘက်က လိုလားလျက်ရှိသည်။

အဆိုပါအမြန်လမ်းမကြီးသည် မြန်မာနိုင်ငံကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဆက်သွယ်ထားသည့် ၁၃၆၀ ကီလိုမီတာ ရှည်လျားသော လေးလမ်းသွား လမ်းမကြီးဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် အဆိုပါ လမ်းမကြီးစီမံကိန်းမှာ ကြန့်ကြာလျက်ရှိသည်။

ယင်းအခြေအနေများကြောင့် ယခုအခါ အိန္ဒိယနိုင်ငံမှ တနင်္သာရီတိုင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရေလမ်းခရီးစဉ်ကို အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှု မြင့်တက်နေသည်။