ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

January 13, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့ပေါ် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက် ၆နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားရကြောင်း မြို့ခံအချို့က ဆိုသည်။

“အိပ်ရာကတောင် မနိုးကြသေးဘူး၊ တိုက်ပွဲ စဖြစ်တယ်။ အိမ်အောက်မှာ အားလုံးဆင်းဝပ်နေကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ နှစ်ဖက်စလုံး တော်တော်ပစ်ကြတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောဆိုသည်။

နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်များမှာ လောင်းလုံးမြို့၏အနောက်ဘက်ရှိ ဥယျာဉ်ခြံနှင့် ဥယျာဉ်ခြံ သွားသည့် လမ်းများတွင် ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ပြောသည်။

လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်တို့ကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဘဏ်နှင့် လ၀ကရုံး၊ ထိန်သစ်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်တို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။