ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲလာ၍ လုပ်ငန်းရှင်များ အခက်တွေ့

January 13, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ရှိ ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ ဘဏ်တွင် အပ်ထားသည့်ငွေနှင့် လွှဲလိုက်သည့်ငွေကို တစ်လုံးတစ်ခဲတည်း ထုတ်ယူ၍မရတော့ဘဲ ဘဏ်အပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းသာ ထုတ်ခွင့်ရနေကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။

ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်း ထုတ်ပေးသည့်ဘဏ်ရှိသလို ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ပေးသည့် ဘဏ်များလည်း ရှိနေကြောင်း ၎င်းတို့က ပြောသည်။

အာဏာမသိမ်းမီက ဖွင့်ထားသည့် ဘဏ်အကောင့်များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေသားထုတ်ခွင့်ရပြီး ကျပ်သိန်း ၁၀၀ အထိ ထုတ်ခွင့်ရနေကြောင်း ထားဝယ်မြို့ရှိ ဘဏ်များတွင် အမြဲတမ်းငွေထုတ်နေရသည့် ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ တစ်ကြိမ် ထုတ်ယူပြီးပါက တစ်ပတ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း၊ ငွေသွင်းခြင်း မလုပ်ဆောင်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

“တစ်ပတ်မှာ တစ်ခါပဲ သုံးလို့ရမယ်။ ပြီးရင် ငွေလွှဲပြောင်းတာ၊ သွင်းတာရော ထုတ်တာရော တစ်ကြောင်းပဲ ရမယ်” ဟု အထက်ပါ ငွေလွှဲလုပ်ငန်းရှင်က ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ငွေထုတ်ယူမှုခက်ခဲသည့် ပြဿနာများ ဖြစ်ပေါ်လာသဖြင့် စပါယ်ရှယ် ဘဏ်အကောင့်( Special အကောင့်) များဖွင့်ပါက နေ့တိုင်းငွေထုတ်၍ရသည့် စနစ်ကို ဘဏ်များက ပြောင်းလဲခဲ့သည်။

စပါယ်ရှယ်အကောင့်များဖြင့် ငွေပမာဏ ကန့်သတ်ချက်မထားဘဲ ငွေထုတ်၊ ငွေသွင်းနိုင်ကြောင်း ဘဏ်များက ကြေညာသဖြင့် စပါယ်ရှယ်အကောင့်ဟု ခေါ်ကြသည့် အထူးအကောင့်များ ဖွင့်ခဲ့ကြခြင်းဖြစ်သော်လည်း ယခုအခါတွင် ငွေသားထုတ်ယူမှု ကန့်သတ်လာခြင်းဖြစ်သည်။

စပါယ်ရှယ်အကောင့်များကို ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်းမှ သိန်းနှစ်ဆယ်အထိသာ ထုတ်ခွင့်ရနေကြောင်း ငွေလွှဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“စပါယ်ရှယ်အကောင့်က နေ့တိုင်းထုတ်လို့ရတယ်။ MAB ဘဏ်ဆိုရင် ကိုယ့်အကောင့်ထဲမှာ သိန်းရာချီပဲရှိရှိ တစ်နေ့ကို ၅ သိန်းပဲ ထုတ်ပေးတယ်။ ရိုးမဘဏ်ဆိုရင် ၁၀ သိန်းပဲပေးတယ်။ KBZ ဆိုရင် သိန်း ၂၀ ပဲပေးတယ်” ဟု အဆိုပါလုပ်ငန်းရှင်က ဆိုသည်။

ထားဝယ်မြို့တွင် KBZ ဘဏ်ခွဲ၊ ရိုးမဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ CB ဘဏ်ခွဲ၊ UAB ဘဏ်ခွဲ၊ အင်းဝဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ (AGD) ၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၊ ကမ္ဘာ့ရတနာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်တို့ ရှိသည်။

ငွေသားထုတ်ယူရာတွင် ပမာဏကန့်သတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်ရာတွင် အခက်တွေ့နေရကြောင်း ထားဝယ်မြို့ရှိ ရော်ဘာပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က သိန်းလေးငါးရာ၊ တစ်ထောင်လောက် ထုတ်ချင်တာလေ မရဘူး။ ငါးဆယ်၊ တစ်ရာလောက်ပဲ ရတယ်။ အဲတော့ ကိုယ်လည်း အဆင်ပြေသလို လည်ပတ်ရတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ရော်ဘာပြားတစ်ပေါင်လျှင် ၂၅၀၀ ကျပ်၊ ကွမ်းသီးခြောက်တစ်ပိသာလျှင် ၁၁၀၀၀ ကျပ် ပေါက်ဈေးရှိနေချိန် ဘဏ်မှထုတ်ပေးသည့် ငွေပမာဏက အရောင်းအဝယ်လုပ်၍မရဘဲ လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်လာကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။

“တောင်သူတွေကလည်း ရောင်းချင်တယ်။ ဝယ်သမားကလည်း ဝယ်ချင်တယ်။ ဝယ်ဖို့ငွေကို ဘဏ်မှာ လိုသလောက် ထုတ်မရဘူး ဖြစ်နေတယ်” ဟု သရက်ချောင်းမြို့နယ်ရှိ ကွမ်းသီးခြောက်အဝယ်တော် အမျိုးသမီးတစ်ဦးက ပြောသည်။

ဘဏ်များတွင် ငွေသားထုတ်ချိန်နှင့် ငွေလွှဲပြောင်းချိန် ကန့်သတ်ချက်များကြောင့် ငွေသားရနိုင်သည့် စက်သုံးဆီအရောင်းဆိုင်နှင့် ကုန်စုံဆိုင်ကဲ့သို့ ဆိုင်များတွင် ရာခိုင်နှုန်းပေးကာ ငွေသားယူနေကြရကြောင်း ထားဝယ်မြို့ရှိ ငွေလွှဲလုပ်ငန်းရှင်က ဆိုသည်။

“ငွေသားကို ရာခိုင်နှုန်းအဖြစ် (ကျပ်) တစ်သိန်းကို ငါးထောင်ပေးမယ်၊ တစ်သောင်းပေးမယ်ဆိုပြီး ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးကမူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလက ငွေသားထုတ်သူများပြီး ငွေသွင်းငွေစုသူ နည်းသွားသဖြင့် ဘဏ်တွင် ငွေသားနည်းလာပြီး အကန့်အသတ်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အာဏာသိမ်းပြီးစကလည်း ဘဏ်တွင် ငွေထုတ်ယူသူ များလွန်းသဖြင့် ငွေသားပြတ်လပ်ပြီး ငွေထုတ်မရသည့် ဖြစ်စဉ်များ တောက်လျှောက် ဖြစ်ပွားခဲ့ဖူးသည်။

ယင်းအခြေအနေများကို ဘဏ်များကိုဆက်သွယ် မေးမြန်းရန် ကြိုးစားနေသော်လည်း တရားဝင်မေးမြန်း၍ မရသေးပေ။