ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂရင်းလန်းက ရုရှားနှင့် ပူးပေါင်းနိုင်ကြောင်း ရုရှားအဆင့်မြင့်အရာရှိပြော

January 13, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်နိုင်ရေးအတွက် အလျှင်အမြန် မဆောင်ရွက်လျှင် ဂရင်းလန်းဒေသခံများအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် မဲခွဲဆုံးဖြတ်နိုင်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်ကြောင်း Interfax သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်က ဖော်ပြခဲ့သည်။

“ထရမ့်အနေနဲ့ အလောတကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဂရင်းလန်းကျွန်းမှာ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ လူထုဆန္ဒခံယူပွဲတစ်ရပ် ရုတ်တရက် ပေါ်ပေါက်လာနိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ လူဦးရေ ၅၅,၀၀၀ ရှိတဲ့ ဂရင်းလန်းတစ်ကျွန်းလုံးက ရုရှားနဲ့ပူးပေါင်းဖို့ မဲပေးကြပါလိမ့်မယ်” ဟု ရုရှားသမ္မတဟောင်းလည်းဖြစ်သူ မက်ဗီဒက်ဗ်က ပြောကြားကြောင်း Interfax သတင်းတွင် ဖော်ပြသည်။

“အဲဒီလိုသာဖြစ်သွားရင်တော့ ပြီးသွားပါပြီ။ အမေရိကန်အလံပေါ်မှာ ကြယ်ပွင့်အသစ်တွေ ထပ်တိုးလာစရာ အကြောင်းမရှိတော့ပါဘူး”

ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်နိုင်ရေးအတွက် သမ္မတထရမ့်က တကျော့ပြန် ကြိုးပမ်းလာနေချိန်တွင် ၎င်းက ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန်မှစ၍ ဒီမီထရီ မက်ဗီဒက်ဗ်သည် ရုရှားကျူးကျော်စစ်ပွဲကို အပြင်းအထန်ဆုံးနှင့် အသံအကျယ်ဆုံး ထောက်ခံသူတစ်ဦး ဖြစ်လာသည်။

၎င်းသည် အနောက်အုပ်စု၊ နေတိုး (NATO) နှင့် ယူကရိန်းတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပြီး Telegram နှင့် X ကဲ့သို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးပြု၍ ရန်ဆွသည့် အကြောင်းအရာများကို ပြောဆိုလေ့ရှိသူလည်းဖြစ်သည်။

ဒီမီထရီ မက်ဗီဒက်ဗ်သည် ပူတင်၏ အနီးကပ်ဆုံး လူယုံထဲမှ တစ်ဦးဖြစ်ပြီး ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ယန္တရားများအပေါ် ဩဇာညောင်းသူတစ်ဦးလည်းဖြစ်သည်။

ရုရှား၏ရန်ကို ဟန့်တားနိုင်ရေးအတွက် အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ရန် လိုအပ်ကြောင်း ထရမ့်က ပြောသည်။

ဂရင်းလန်းကျွန်း၏ တည်နေရာနှင့် သယံဇာတများသည် အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါသည်ဟု အမေရိကန်သမ္မတက ပြောဆိုခဲ့သော်လည်း ဒိန်းမတ်နှင့် ဂရင်းလန်းဘက်ကမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

ရုရှားက ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း ရုရှားသည် အာတိတ်ဒေသလုံခြုံရေးတွင် ဂရင်းလန်းကျွန်း၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍကို ကာလရှည်ကြာ စောင့်ကြည့်လာခဲ့သည်။

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ထရမ့်၏ ကြိုးပမ်းမှုအပေါ် ရုရှားဘက်က မှတ်ချက်ပေးခြင်း မရှိသေးပေ။

သို့သော် ဂရင်းလန်းကျွန်း တည်ရှိရာ အာတိတ်ဒေသသည် ရုရှား၏ အမျိုးသားအကျိုးစီးပွားနှင့် မဟာဗျူဟာအကျိုးစီးပွား နယ်ပယ်ဖြစ်သည်ဟု ရုရှားက ဆိုသည်။

ဂရင်းလန်းကျွန်းနှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ အငြင်းပွားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြီးခဲ့သည့်နှစ်တွင် ရုရှားဘက်က ပြောကြားထားသည်။

Source: Reuters