ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ၊ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်က နေအိမ်မီးရှို့

December 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာဖြစ်သော ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ်က လာရောက်မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်မှ တပ်သားများ ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ထိန်ကြီးကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်တစ်ဆောင် ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ထိန်ကြီးရွာပြင်မှာရှိတဲ့ ဆိုင်ပါ။ မိသားစု သုံးယောက်တည်းနေတာ၊ ကုန်ခြောက်တွေလည်း ရောင်းတယ်”ဟု ၎င်းကပြောသည်။

စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် ကုန်ခြောက်ဆိုင်တစ်ဆိုင် မီးလောက်ပျက်စီးသွားခဲ့ပြီး မီးလောင်မှုကြောင့် ကုန်ပစ္စည်းများ ဆုံးရှံးသွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

နေအိမ်မီးရှို့ပြီးနောက် စစ်အာဏာရှင်တပ်သည် ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းအတွင်းသို့ ပြန်သွားကြောင်း ဒေသခံများကဆိုသည်။

မည့်သည့်အကြောင်းယင်းကြောင့် နေအိမ်မီးရှို့သွားသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းရှိ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်ဗုံးချတိုက်ခိုက်ခဲ့သေးကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူထံမှသိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။