ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၆ မတ်လကုန်တွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင်ပြော

December 12, 2025

၂၀၂၆ ခုနှစ် မတ်လကုန်ပိုင်းတွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်း စစ်ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံသည့်အခမ်းအနားတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ၂၀၂၄ ခုနှစ်တွင် ယာယီသမ္မတ၊ ၂၀၂၅ ခုနှစ်တွင် စစ်ကော်မရှင် ဥက္ကဋ္ဌ စသည့် ရာထူးများကို လက်ရှိအချိန်အထိ ၎င်းကိုယ်တိုင် ခန့်အပ် ရယူထားသူ ဖြစ်သည်။

စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်း ပိုင်းကာ ကျင်းပမည်ဟု ပြောဆိုထားပြီး အပိုင်း ၁ နှင့် ၂ တို့အတွက်သာ ကျင်းပမည့်ရက်နှင့်အစီအစဥ်များ ကြေညာထားသေးသည်။

အပိုင်း ၃ အတွက်မူ ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းနှင့် ကျင်းပမည့် မြို့နယ်စာရင်းကိုသာ ကြေညာထားသေးသည်။

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။

အပိုင်း ၃ ကိုမူ အပိုင်း ၂ ကျင်းပအပြီး နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ကျင်းပမည်ဟုသာ ကနဦး ကြေညာထားသေးသည်။

တနင်္သာရီတိုင်းတွင်လည်း မဲဆန္ဒနယ် ဆယ်ခုစလုံးတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ရှိ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောဆိုထားသည်။

သို့သော် အပိုင်း ၁ နှင့် အပိုင်း ၂ ရွေးကောက်ပွဲကျင်းပရာတွင် တနင်္သာရီတိုင်းက ကျေးရွာအုပ်စု ရှစ်ဆယ်ကျော်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဟု စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

တနင်္သာရီတိုင်းတွင် တော်လှန်ရေးအင်အားစုများက စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာထားကြပြီး ပါဝင်ပတ်သက်သူအချို့ကိုလည်း ဖမ်းဆီးအရေးယူမှုများ ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ၏ မှတ်တမ်းများအရ သိရသည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ကမူ မြန်မာစစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲဖြင့် တရားဝင်မှု အတုဖန်တီးကာ အာဏာဆက်လက်ရယူရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအပြင် နိုင်ငံတကာအသိုက်အဝန်းကလည်း ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် ပိုမိုဆိုးရွားသွားနိုင်ကြောင်း ထောက်ပြပြောဆိုနေကြသည်။