ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ ဇာဒီအုပ်စုတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်တင်းကျပ်

December 12, 2025

ပုံစာ - ကျောက်ထရံရွာ ကမ်းခြေ (ပုံဟောင်း)

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် ဒီဇင်ဘာလဆန်းကတည်းက ရောက်ရှိတပ်စွဲနေသော စစ်အာဏာရှင်တပ်သားများသည် ဇာဒီရွာနှင့် ကျောက်ထရံတို့တွင် ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်ကို တင်းကျပ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ဇာဒီရွာနှင့် ကပ်လျက်ရှိသည့် ငါးဖမ်းတံငါလုပ်ကိုင်သော ကျောက်ထရံရွာတွင်လည်း ရေတပ်စစ်သင်္ဘော နေရာယူထားသည့် အပြင် စစ်အာဏာရှင်တပ်သားအချို့ထားရှိပြီး ငါးဖမ်းလှေ အဝင်အထွက်စာရင်းကောက်ယူနေကြောင်း ဒေသခံများက ဆိုသည်။

ဇာဒီရွာနှင့် ကံပေါက်ဒေသကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ ပယရွာစစ်ဆေးရေးဂိတ်နှင့် မော်ကြီးရွာ စစ်ဆေးရေးဂိတ်တို့တွင်လည်း ဇာဒီရွာသားများအား ဖြတ်သန်းခွင့် မပြုသလို အခြားရွာသားများလည်း ဇာဒီရွာဘက်သို့ သွားခွင့်မပြုကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။

“အစကဆိုရင် ကျောက်ထရံမှာ အသား၊ ငါး သွားဝယ်စားလို့ရသေးတယ်။ အခုက ကျောက်ထရံရွာအထိ (စစ်အာဏာရှင် တပ်သားများ) လာနေနေတော့ သွားလာပြီး ဝယ်ရစားရ ခက်သွားတယ်။ ကံပေါက်ဘက်ကိုက လုံးဝ ပေးမတက်(သွား)ဘူး။ စျေးသည်တွေလည်း ပေးမဆင်းဘူး” ဟု ဇာဒီရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဇာဒီရွာသို့ ဒီဇင်ဘာလ ၂ရက်တွင် စရောက်ရှိလာပြီး တော်လှန်ရေးတပ်တို့နှင့် ပစ်ခတ်မှု တစ်ကြိမ် ဖြစ်ကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။ ယင်းအပြင် ဒီဇင်ဘာလ ၈ရက်တွင် ကျောက်ထရံရွာသား ခုနစ်ဦးကို လည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ ကျောက်ထရံရွာသား ခုနစ်ဦးကိုမူ စစ်ဆေးမေးမြန်းပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်တွင် ပြန်လွှတ်ခဲ့ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သားများသည် ဇာဒီရွာ ရွာမရပ်ကွက်နှင့် အနောက်ကုန်းရပ်ကွက်ရှိ လူမရှိသည့် နေအိမ်များတွင် တပ်ဖြန့် နေထိုင်နေကြကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဇာဒီကျေးရွာအုပ်စုအတွင်း၌သာ လှည့်ပတ်သွားလာနေသဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပပြီးမှ ပြန်လည်ထွက်ခွာနိုင်ဖွယ်ရှိကြောင်း ဒေသခံများက ခန့်မှန်းကြသည်။

ဇာဒီကျေးရွာအုပ်စုဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လေ့ရှိသည့် ရေဖြူမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခု၏ တာဝန်ရှိသူကလည်း “ကံပေါက်တိုက်နယ်မှာက တောင်ပယရွာ (ဇာဒီရွာနှင့်ကပ်လျက်ရှိသည့်ရွာ) လောက် အထိ မဲရုံတွေ လာဖွင့်မှာဆိုတော့ အဲဒါအတွက် ကြိုကာတဲ့သဘောနဲ့ လုံခြုံရေးလာယူတယ်လို့ မြင်တယ်” ဟု ပြောသည်။

ကံပေါက်တိုက်နယ်တွင် ကံပေါက်၊ အုန်းပင်ကွင်း၊ သဲချောင်း၊ ကျွဲသုံးညီမ စသည့် ကျေးရွာအုပ်စုလေးခုတွင်သာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကာ ကျန်ကျေးရွာအုပ်စုငါးခုတွင် မပြုလုပ်နိုင်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။