မြောက်ဦးဆေးရုံတိုက်ခိုက်မှုသည် မြန်မာစစ်အုပ်စုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးနှင့် ယူကေလွှတ်တော်အမတ်တို့က ပြောကြားလိုက်သည်။
“ရခိုင်က ဆေးရုံတစ်ခုကို မြန်မာစစ်အုပ်စုက တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ အရပ်သားတွေ ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို အကာအကွယ်ပေးရမယ်”ဟု ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ ပြောခွင့်ရပုဂ္ဂိုလ် Anitta Hipper က သူမ၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရေးသားထားသည်။
“ထိခိုက်သေဆုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ ကျွန်မတို့ အတူတကွ ရပ်တည်တယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်ပါတယ်” ဟု သူမက ဆိုသည်။
ယူကေအမျိုးသမီးပါလီမန်အမတ်တစ်ဦးကလည်း မြောက်ဦးတိုက်ခိုက်မှုနှင့် ပတ်သက်၍ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အလားတူ ထုတ်ဖော်ပြောဆိုခဲ့သည်။
“လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံ ၊ မြောက်ဦးမြို့က ဆေးရုံတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ သတင်းတွေကြောင့် တုန်လှုပ်ချောက်ချားမိပါတယ်။ ဒါဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တာပဲ ဖြစ်တယ်” ဟု ယူကေ လွှတ်တော်အမတ် Seema Malhotra က သူမ၏ X လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားထားသည်။
“မြန်မာပြည်သူတွေနဲ့ အတူတကွ ကျွန်မတို့ ရပ်တည်ပါတယ်။ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
မြောက်ဦးဆေးရုံတိုက်ခိုက်မှုနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အပြင်းထန်ဆုံး စကားလုံးများဖြင့် အပြစ်တင်ရှုတ်ချခဲ့သည်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက် ညတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရခဲ့သည်။







